ချဲလ်ဆီးကို အငှားနဲ့ သွားရောက်ကစားနေတဲ့ မန်ချက်စတာ ယူနိုက်တက်‌တောင်ပံ ကစားသမား ဂျေဒန် ဆန်ချို ကတော့ အခုလာမယ့် နွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေပြီး တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။

Jadon Sancho

Photo : Goal.com

အင်္ဂလန် လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက လစာငွေ ယူရို ၁၀ သန်း (ပေါင် ၈.၅ သန်း) နဲ့ တစ်ရာသီစာ အငှားစာချုပ်ဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ချဲလ်ဆီးအသင်းကို သွားရောက်ကစားခဲ့တာ ဖြစ်ပါတယ်။

အားကစား ဂျာနယ်လစ် အိုရာဇီယို အက်ကိုမန်ရဲ့ အဆိုအရ လက်ရှိမှာ ဖီနာဘာချီအသင်းဘက်က တောင်ပံကစားသမားအတွက် ပြောင်းရွေ့ကြေး ယူရို ၁၈ သန်း (ပေါင် ၁၅ သန်း) ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြထားပြီး အင်္ဂလန်သားဟာ လာမယ့်နွေရာသီ အပြောင်းအရွေ့ကာလမှာတော့ အိုးထရက်ဖို့ဒ်ကနေ အပြီးသတ် ထွက်ခွာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဆန်ချို ကို ခေါ်ယူဖို့ စီးရီးအေ ကလပ်အသင်း အများအပြားကလည်း စိတ်ဝင်စားနေကြပေမယ့် အီတလီကလပ်တွေအနေနဲ့ အင်္ဂလန်သားကို ခေါ်ယူဖို့ ဖီနာဘာချီအသင်း ကမ်းလှမ်းမယ့် လစာငွေထက်တော့ ပိုမပေးနိုင်ကြပါဘူး။

ယခင်က တူရကီကလပ်အသင်းတွေမှာ ယူနိုက်တက် ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ ဆိုဖီယန် အမ်မရာဘတ်နဲ့ ဖရက်ဒ်တို့လို ကစားသမားတွေလည်း သွားရောက်ကစားခဲ့ဖူးပြီး အကယ်၍ ဆန်ချိုနဲ့သာ သဘောတူညီမှု ရခဲ့မယ်ဆိုပါက တောင်ပံကစားသမားဟာ တူရကီကလပ် ဖီနာဘာချီအသင်းကို နောက်ဆုံးရောက်ရှိလာမယ့် ပရီးမီးယားလိဂ် ကစားသမား ဖြစ်လာမှာပါ။

Jadon Sancho
Photo : Goal.com

ယူနိုက်တက်အသင်းဘက်ကလည်း ဆန်ချို ကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေတဲ့အတွက် တူရကီကလပ်ဘက်က ကမ်းလှမ်းမှုကို လက်ခံသွားနိုင်ဖွယ် ရှိပါတယ်။ နည်းပြအာမိုရီရဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် ဇူလိုင် ၇ ရက်နေ့မှာ ရာသီကြိုလေ့ကျင့်ရေး အစီအစဉ်တွေကို ပြန်လည်စတင်တော့မှာဖြစ်ပြီး ဝုလ်ဗ်အသင်း တိုက်စစ်ကစားသမား ကွန်ညာကို ခေါ်ယူနိုင်ခဲ့သလို လာမယ့်ရာသီအတွက် ဘရန်းဖိုဒ့်စတား ဘရိုင်ယန် အမ်ဘွေမိုကိုလည်း အမိအရ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

Source : Goal.com

Featured Photo : Goal.com