နွေရာသီ ရောက်ရင် ပုံမှန်ထက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာ ၊ Grooming ပိုင်း ထိန်းသိမ်းတာတွေလုပ်ဖို့ လိုပါတယ်။ ဘာလို့ဆို ပူပြင်းတဲ့ ရာသီဥတုမှာ အသားအရေ မွဲခြောက်ပျက်စီးမှုက ၂ ဆ ပိုများသလို ချွေးထွက်များခြင်းကြောင့် ခန္ဓာကိုယ်ကနေ အနံ့ဆိုးတွေ ထွက်လွယ်ပြီး ကွီးတို့ရဲ့ ဆွဲဆောင်မှုကို ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ နွေဘယ်လောက်ပူပူ Cool & Fresh ဖြစ်ဖြစ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ကြည့်ကောင်းနေစေဖို့ ကွီးတို့ မဖြစ်မနေ သုံးရမယ့် ပစ္စည်းတွေအကြောင်း ပြောပြပေးပါမယ်။
(၁) မျက်နှာသစ်ဆေး
Photo : MensXP
နေပူလေပူထဲကနေ လွင့်ပါလာတဲ့ ဖုန်နဲ့အညစ်အကြေးတွေဟာ ကွီးတို့ရဲ့ မျက်နှာအရေပြားပေါ်မှာ ကပ်တွယ်ပြီး ချွေးပေါက်တွေကို ပိတ်ဆို့စေတက်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ အသားအရေဟာ ကြမ်းတမ်းပျက်စီးပြီး ဝက်ခြံတွေ ၊ အရေးအကြောင်းတွေ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကာကွယ်ဖို့ မျက်နှာသစ်ဆေး ကောင်းကောင်းသုံးပြီး ကွီးတို့ရဲ့ မျက်နှာကို တစ်နေ့ ၂ ကြိမ် ဆေးကြောသန့်စင်ပေးရမှာပဲ ဖြစ်ပါတယ်။
(၂) နေလောင်ကာခရင်မ်
Photo : Guardian Singapore
အရေပြားအတွက် အကာအကွယ်မပါပဲ နေပူထဲထွက်ဖို့ မစဉ်းစားပါနဲ့။ နွေရာသီ ဖြစ်တာနဲ့အညီ အပူရှိန်က အင်မတန်မြင့်မားသလို နေရောင်ထဲမှာ အသားအရေကို အလွန်အမင်း ပျက်စီးစေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေ အများကြီး ပါဝင်နေပါတယ်။ ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ထိတွေ့တာဟာ အသားအရေပြဿနာတွေအပြင် အရေပြားကင်ဆာဖြစ်နိုင်တဲ့အထိ အန္တရာယ်များပါတယ်။ ဒါကြောင့် နွေရာသီမှာ အပြင်သွားတိုင်း SPF များများပါတဲ့ နေလောင်ကာခရင်မ်ကို လိမ်းဖို့ မဖြစ်မနေလိုအပ်ပြီး ၂ – ၃ နာရီခြား တစ်ခါထပ်လိမ်းပေးဖို့ လိုအပ်ပါတယ်။
(၃) ချွေးနံ့ပျောက်ဆေး
Photo : Brickell Men’s Skin Care
နွေရာသီမှာ ချွေးထွက်များတာကတော့ ပြောစရာမလိုအောင် သိပြီးသား ဖြစ်မှာပါ။ တကယ်က ချွေးထွက်များရုံနဲ့ မပြီးသွားပါဘူး။ ချွေးကနေတဆင့် ခန္ဓာကိုယ်ကနေ အနံ့ဆိုးတွေ ထွက်စေတက်ပါတယ်။ အထူးသဖြင့် ချိုင်း ၊ ပေါင်ခြံလို ချွေးအောင်းပြီး ဘက်တီးရီးယားပေါက်ဖွားလို့ကောင်းတဲ့ နေရာတွေမှာ အနံ့ဆိုးတွေ လှိုင်လှိုင်လေ့ ရှိပါတယ်။ ခန္ဓာကိုယ် အနံ့ဆိုးထွက်တာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျစေတဲ့ အချက်တစ်ခုပဲ မဟုတ်လား ? ဒါကြောင့် နွေရာသီ တစ်လျှောက်လုံးမှာ တစ်ကိုယ်ရည် သန့်ရှင်းရေးကို အထူးဂရုစိုက်သင့်ပြီး အနံ့ဆိုးတွေကို လျှော့ချပေးမယ့် ချွေးနံ့ပျောက်ဆေး ကောင်းကောင်းသုံးဖို့ လိုပါတယ်။
(၄) ခံတွင်းသန့်စင်ဆေး
Photo : MensXP
နွေရာသီဟာ ညတာတိုပြီး နေ့တာရှည်ပါတယ်။ ဆိုလိုတာကတော့ တစ်နေ့ကုန် အပြင်မှာ လူတွေနဲ့ ထိတွေ့ဆက်ဆံ ကုန်ဆုံးရတဲ့ အချိန်က ပိုများပါတယ်။ လူတွေနဲ့ အမြဲတမ်း ပြောဆိုဆက်ဆံရတဲ့ သူတွေအနေနဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ဖို့က လုံးဝအရေးကြီးပါတယ်။ တခြားသူတွေနဲ့ ပြောဆိုဆက်ဆံချိန်မှာ ကိုယ့်ရဲ့ပါးစပ်ကနေ အနံ့ဆိုးတွေ ထွက်နေရင် တော်တော်လေး ရုပ်ပေါက်စရာ ဖြစ်နေမှာပါ။ ဒါကြောင့် အစားစားပြီးတိုင်းမှာ ပလုတ်ကျင်းတာ ၊ ခံတွင်းသန့်စင်ဆေး ဒါမှမဟုတ် ခံတွင်းဖြန်းဆေး သုံးတာမျိုး လုပ်ပေးသင့်ပါတယ်။
Source : MensXP
Featured Photo : Radium Wellness Centre Singapore