ကွီးတို့က အားလပ်ချိန်မှာ ရုပ်ရှင်ကြည့်တတ်ပါသလား။ ဒါဆိုရင်တော့ ဇာတ်ကားကောင်းတွေ အများကြီးကိုလည်း ကြည့်ဖူးမှာပါပဲ။ ပေါချာလွန်းတဲ့ ဇာတ်ကားတွေ ကြည့်မိရင်လည်း ကိုယ့်အချိန်ကို နှမြောသွားမှာ ဖြစ်သလို ဇာတ်ကားကောင်းတွေကို နောက်ကျမှ ကြည့်မိရင်လည်း ဘာဖြစ်လို့ စောစောစီးစီး မကြည့်မိပါလဲဆိုပြီး နှမြောတသ ဖြစ်စေမယ့် ဇာတ်ကား တွေလည်း ရှိမှာပါပဲ။

အခုဖော်ပြပေးမှာကတော့ Rating မြင့်တဲ့ ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။

A Man Called Otto

ဒီဇာတ်ကားထဲက Otto လို့ အမည်ရတဲ့ ယောကျာ်းတစ်ယောက်က တကယ့်ကိုမှ ဘုကလန့် လူစားတစ်ယောက် ဖြစ်ပါတယ်။ အိမ်နီးချင်းတွေနဲ့လည်း တည့်အောင် မပေါင်းဘဲ၊ သူ့ကို လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်လည်း အပေါက်အလမ်းတည့်အောင် ပြန်မဖြေတတ်တဲ့ လူစားမျိုးပါ။ သူက အရင်တုန်းကတော့ အဲ့လိုလူစားမျိုး မဟုတ်ပါဘူး။ သူ့ကို ဘယ်အရာတွေကို ပြောင်းလဲသွားစေတာလဲ။

ဟာသ ဇာတ်ဝင်ခန်းတွေ အများကြီး ရှိပေမယ့် ကြည့်ရှုသူတွေကို ရင်ထဲ နင့်နေအောင် ခံစား သွားရစေတဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်တဲ့အတွက်ကြောင့် တစ်သျှူးလေး ဆောင်ထားဖို့တော့ အကြံပေးလိုက်ချင်ပါတယ်။

Source:  Sony Pcitures Entertainment

Suzume

Suzume လို့ ခေါ်တဲ့ ဆယ်ကျော်သက် ကောင်မလေးက ထူးဆန်းတဲ့ လျှို့ဝှက်ဂိတ်ပေါက်တစ်ခုကို မတော်တဆ သွားဖွင့်မိလိုက်ပါတယ်။​ ထိုဂိတ်ပေါက်ထဲကနေ ပိုးကောင်ကြီးတွေက ထွက်ပေါက်လာပြီး ထိုပိုးကောင်ကြီး မြေကြီးနဲ့ ထိသွားပြီဆိုရင် ဂျပန်နိုင်ငံကြီးတစ်ခုလုံးက မြေငလျင်ဒဏ်နဲ့ သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားမှာပဲဖြစ်ပါတယ်။ ထိုပိုးကောင်တွေ ထွက်မလာအောင် တံခါးကို စောင့်ကြပ်ရတဲ့ ကောင်လေးတစ်ယောက်လည်း ရှိပါတယ်။ သူတို့က ဘိုးဘွားဘီဘင် ထိုတာဝန်ကို ထမ်းဆောင်ခဲ့ကြရတာပါ။ ထိုကောင်လေးက နတ်ဘုရားရဲ့ ကျိန်စာကြောင့် တံခါးစောင့် ကျောက်တုံးအဖြစ် အပြောင်းခံလိုက်ရပါတယ်။ Suzume က သူ့ရဲ့ အမှားကြောင့် အခုလို ဖြစ်ရတာဆိုပြီး ကောင်လေးကို ပြန်လည်ကယ်တင်ပြီး ကမ္ဘာပျက်စီးမသွားအောင် အသည်းအသန် ကြိုးစားပါတော့တယ်။

Source: Netflix Anime

Past Lives

ဒီဇာတ်ကားလေးကတော့ ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အပြင် IMDb 8 ရထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် လက်မလွတ်ဘဲ ကြည့်ရှုသင့်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့…Nora နဲ့ Hae Sung တို့က ငယ်စဥ်တောင်ကျေး ကလေးဘဝကတည်းက တစ်ဦးအပေါ် တစ်ဦး သံယောဇဥ်ရှိကြတဲ့ သူငယ်ချင်း နှစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ Nora တို့ မိသားစုက တောင်ကိုရီးယားကနေ အခြားနိုင်ငံသို့ အခြေချ နေထိုင်ဖို့အတွက် ပြောင်းရွေ့သွားတဲ့ အခါမှာတော့ ကံကြမ္မာရဲ့ စေစားရာကြောင့် ခွဲခွာသွားကြ ရပါတယ်။ ၁၀ နှစ်လောက် ကြာတဲ့အခါမှာတော့ သူငယ်ချင်းနှစ်ယောက်သား ပြန်ဆုံတွေ့ကြပြီး အရင်က ရှိခဲ့တဲ့ သံယောဇဥ်က တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပါတော့တယ်။ နောက်ဆုံးမှာတော့ နှစ်ယောက်သား ဘာဆက်ဖြစ်ကြမလဲ။ ဇာတ်ကားအမြည်းလေး ကြည့်ရှုခံစားရင်း အဆုံးသတ်ကို သိချင်ရင်တော့ အစကနေ ပြန်ကြည့်ကြည့်လိုက်ပေါ့။

Source: A24

La La Land

ဒီဇာတ်ကားလေးက ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး Ryan Gosling နဲ့ Emma Stone တို့ အဓိက ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက သီချင်းဆိုလိုက်၊ ကလိုက်ဆိုတာတွေထက် ပိုပါတယ်။ သူတို့ နှစ်ဦးသားသည် သူတို့ အိပ်မက်တွေနောက်လိုက်ရင်း နောက်ဆုံးမှာတော့ ဘယ်လို ဆက်ဖြစ်သွားမလဲ။ တစ်ယောက်ကို တစ်ယောက် သက်ဆုံးတိုင် ချစ်သွားနိုင်ပါ့မလားဆိုတာကို စိတ်ခံစားချက် အစုံနဲ့ ကြည့်ရှုနေရမှာပဲ ဖြစ်ပါတယ်။

Source: Lionsgate Movies

Furiosa: A Mad Max Saga

Furiosa ဆိုတဲ့ ကလေးမလေးတစ်ယောက်သည် သူ့ရဲ့ ညီမဖြစ်သူနဲ့ တောထဲမှာ ကစားနေရင်းနဲ့ တစ်ရက်မှာတော့ လူဆိုးတွေ ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။ Furiosa တစ်ယောက် ဒီလိုနဲ့ပဲ တဖြည်းဖြည်း အသက်ကြီး လာခဲ့ပါတယ်။ ဒါပေမဲ့ သူသည် သူ့ရဲ့ အိမ်ပြန်လမ်းကို အမြဲဆိုသလို ရှာဖွေနေတာပါ။ Furiosa တစ်ယောက် သူ့ရဲ့ အိမ်ပြန်လမ်းကို ပြန်ရှာတွေ့ပြီး သူ့မိသားစုနဲ့ ပြန်လည် ဆုံဆည်းနိုင်ပါ့မလား။

Source: Warner Bros. Pictures

အခုဖော်ပြသွားတဲ့ ဇာတ်ကားတွေကတော့ ဘာ့ကြောင့်များ စောစောစီးစီး မကြည့်မိပါလဲဆိုပြီး နှမြောတသ ဖြစ်စေမယ့် ဇာတ်ကား ကောင်းများပဲဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဇာတ်ကားတွေထဲက ဘယ်နှကားလောက်ကို ကြည့်ဖူးပါသလဲ။

Featured Image: Istockphoto