အသည်းကွဲ ဝေဒနာဆိုတာ ကမ္ဘာပေါ်မှာ ကုသလို့ မပျောက်တဲ့ ရောဂါတွေထဲက တစ်ခု အပါအဝင်ပါပဲ။ အသည်းကွဲ ဝေဒနာကြောင့် ကွဲကြေနေရတဲ့ နှလုံးသား ပိုင်ရှင် တွေအတွက် အချိန်ကသာ တဖြည်းဖြည်း ကုစားသွားမှာပါ။ အချိန်နဲ့ တဖြည်းဖြည်း ကုစားသွားမယ့်အချိန်မှာ ကွဲကြေ နှလုံးသား ပိုင်ရှင် ကွီးတို့အနေနဲ့ အခုဖော်ပြပေးမယ့် အချက်များကို ပြုလုပ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ အသည်းကွဲ ဝေဒနာက မြန်မြန် သက်သာ ပျောက်ကင်း သွားမှာပဲဖြစ်ပါတယ်။
ဘယ်လို နည်းလမ်းကောင်းတွေက ကွီးတို့ရဲ့ အသည်းကွဲ ဝေဒနာကို မြန်မြန် သက်သာ ပျောက်ကင်းသွားစေနိုင်မလဲဆိုတော့…
(၁) ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ပါ၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဂရုစိုက်ပါ
သူများ သားသမီးကို ဂရုစိုက်ပေး၊ ချစ်ပေးခဲ့ရတဲ့ အချိန်က ကုန်လွန်သွားခဲ့ပါပြီ။ ဒီတစ်ခါမှာတော့ ကွီးတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ဖို့ ပြန်ဂရုစိုက်ဖို့ အချိန်တန်ပါပြီ။ အသည်းကွဲနေလို့ဆိုပြီး ဘာမှမစားတော့ဘူးဆိုရင်တော့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ကိုယ်တိုင် နှိပ်စက်ညှင်းပန်းနေတာနဲ့အတူတူပါပဲ။ ဒါ့ကြောင့် အစားကို ပုံမှန်အတိုင်းပဲ စားပါ။ အားကစားကို ယခင်ကထက် ပိုလုပ်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ လေ့ကျင့်ခန်းကြောင့် ခန္ဓာကိုယ်က အားအင်များ ကုန်ခမ်းသွားတဲ့အခါ အားအင်များ ပြန်လည်ဖြည့်တင်းဖို့ရန်အတွက် ကျန်းမာရေးနဲ့ ညီညွှတ်သော အစားအစာများ စားသုံးပါ။ ဗီတာမင်နှင့် သတ္တုဓာတ်များ၊ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများသည် ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်ထွန်းစေပါတယ်။ ဒီလိုမျိုး လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာများ စားသုံးခြင်းသည် ခန္ဓာကိုယ် ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
(၂) ရည်းစားဟောင်းကို (လုံးဝ) ခေါင်းထဲက ထုတ်လိုက်ပါ၊ ယောင်လို့တောင် အဆက်အသွယ် မလုပ်မိပါစေနဲ့
သူ(မ) အွန်လိုင်းပေါ်မှာ မီးစိမ်း မစိမ်းကို ခဏခဏ သွားကြည့်မနေပါနဲ့။ ယတိပြတ် စိတ်ပြတ်နိုင်အောင် ကြိုးစားပါ။ အချိန်အတိုင်းအတာတစ်ခုအထိ စိတ်ဖြတ်လာနိုင်တဲ့အခါ ကောင်းမွန်တဲ့ခံစားချက်လေး ခံစားရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ မေ့ပျောက်ဖို့ ကြိုးစားနေရင်းနဲ့မှ ရုတ်တရက် သူ(မ)နဲ့ ပတ်သက်တဲ့ သတင်းစကားတစ်ခုခု ကြားရတဲ့အခါမျိုးဖြစ်ဖြစ် (သို့) သူ(မ)နဲ့ အမှတ်မထင် ဆုံမိတဲ့ အခါမျိုးပဲဖြစ်ဖြစ် ထိုအချိန်မျိုးမှာဆိုရင် အသည်းကွဲဒဏ်ရာကို ပြန်ဆွမိသလိုဖြစ်သွားပြီး ပြန်လည်မေ့ပျောက်ဖို့ တစ်ကနေ ပြန်စရပါလိမ့်မယ်။
(၃) အရင်ကထက် ပိုမို ဆွဲဆောင်မှု ရှိအောင် ဝတ်စားပါ
သင့်ရည်းစားဟောင်းက သင့်ကို ဘာ့အတွက်ကြောင့် လမ်းခွဲသွားတာလဲ။ ဘယ်လိုအကြောင်းကြောင့်ပဲ လမ်းခွဲနေပါစေ ဒီနည်းလမ်းနဲ့ လက်စားပြန်ချေနိုင်ပါတယ်။ သင့်အတွက်လည်း ဖက်ရှင်ကျ သင့်ရဲ့ရည်းစားဟောင်းသည်လည်း တနုံ့နုံ့နဲ့ ခံစားနေရမှာပါ။ သူ(မ)က သင့်ဆီပြန်လာချင်လို့ပါဆိုရင်တော့ သင့်ဘက်က ပြတ်သားဖို့လိုပါလိမ့်မယ်။ နောက်တစ်ကြိမ်ထပ်ပြီး အသည်းမကွဲချင်ဘူးဆိုရင်ပေါ့။
(၄) အိမ်တွင်း အောင်းမနေဘဲ အပြင် များများ ထွက်ပါ
အသည်းကွဲကာ ခံစားနေရလို့ဆိုပြီး ကိုယ့်အိပ်ခန်းလေးထဲမှာပဲ ကုပ်နေတာမျိုး၊ အပြင်လုံးဝ မထွက်တော့ဘဲ ဘယ်သူနဲ့ပဲ အပေါင်းအသင်း အဆက်အဆံ မလုပ်တော့တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်ကို မင်္ဂလာဆောင်တက်ဖို့ ဖိတ်ထားတယ်ဆိုလည်း သွားတက်လိုက်ပါ။ ရုံးပါတီပွဲများ၊ အခြားသော ပျော်ပွဲရွှင်ပွဲများ တက်စရာရှိတယ်ဆိုလည်း တက်လိုက်ပါ။ ညအချိန်မှာ ကလပ်တက်ပြီး ပျော်ပျော်ပါးပါး ကခုန်မြူးတူးကာ စိတ်လွတ်လက်လွတ် ပျော်ပါးနိုင်ပါတယ်။ ဒီလိုမျိုး Social ပွဲမှန်သမျှ လိုက်တက်တဲ့အခါ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းအသစ်များ ရရှိပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုသပေးနိုင်ပါတယ်။ အသည်းကွဲ ဝေဒနာထဲမှာပဲ နစ်မြှုပ်မနေတော့ဘဲ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြင့် နောက်တစ်ကြိမ်ပြန်လည်ဖြတ်သန်းနိုင်အောင် ကူညီပေးတဲ့ နည်းလမ်း ကောင်းတစ်ခုပဲဖြစ်ပါတယ်။
ကွီးတို့လည်း ဘဝမှာ တစ်ကြိမ် တစ်ခါလောက်တော့ အသည်းကွဲဖူးမှာပါပဲ။ ကွီးတို့ အသည်းကွဲတုန်းကရော ဘယ်လို နည်းလမ်းမျိုးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ကုစားပါသလဲ။
Source: Lovepanky.com
Featured Photo: Forbes