နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်မွှေးများကို သေသေချာချာဂရုတစိုက်နှင့် အရှည်ထားခြင်းသည် ယနေ့ခေတ် ကွီးတို့အတွက် ဖက်ရှင်တစ်ခုလိုဖြစ်လာပါပြီ။ သို့သော် ကိုယ့်ရဲ့ နှုတ်ခမ်းမွှေး နှင့် မုတ်ဆိတ်မွှေးတို့ရဲ့ သဘောသဘာဝကို မသိတဲ့အခါ ကွီး တို့အနေနဲ့ ပြဿနာ အနည်းငယ် ကြုံတွေ့ရနိုင်ပါတယ်။ ထိုပြဿနာများကို ဖြေရှင်းနိုင်ဖို့ရန် ကွီးတို့အတွက် အသုံးတည့်မယ့် နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။
နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေးများ အရှည်ထားဖို့ ကြံရွယ်နေတဲ့ ကွီး တို့အနေနဲ့ ဘယ်လို ပြဿနာ များ ကြုံတွေ့ရလေ့ရှိသလဲ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာ အတူတူလေ့လာကြည့်လိုက်ရအောင်။
နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်မွှေး နေရာတစ်ဝိုက်ယားယံတတ်တဲ့ပြဿနာ
နှုတ်ခမ်းမွှေး အရှည်ထားဖို့ ကြံရွယ်နေတုန်းမှာပဲ အရင်က ရိတ်ပြီးသား နှုတ်ခမ်းမွှေ၊ မုတ်ဆိတ်မွှေးလေးတွေက ထိုးထိုးထောင်ထောင် ပြန်ပေါက်လာတဲ့အခါ ယားယံတတ်ပါတယ်။ ဒါနဲ့ပဲ နှုတ်ခမ်းမွှေးကို ပြန်ရိတ်လိုက်ပြန်ပါရော။ ဒီလိုနဲ့ပဲ ကွီးတို့သည် နှုတ်ခမ်းမွှေး အရှည်ထားဖို့ အကြံအစည်က မဖြစ်မြောက်တော့ပြန်ပါဘူး။
တကယ်လို့ နှုတ်ခမ်းမွှေး အရှည်ထားချင်တယ် ယားယံတဲ့ ဒဏ်လည်း မခံနိုင်ဘူးဆိုတဲ့ ကွီး တို့အတွက် ထို ပြဿနာ ကို ဖြေရှင်းနည်းကတော့ ထောပတ်သီးအဆီ အသုံးပြုခြင်းပဲဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ ထောပတ်သီးအဆီကို ရေမိုးချိုးပြီးတိုင်းမှာ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများပေါ်တွင် လိမ်းကျံထားပေးလိုက်ရုံပါပဲ။
အချိန်ကြာခြင်း
နှုတ်ခမ်းမွှေးရှည်တဲ့ ကြာချိန်သည် လူတစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ အချို့ကလည်း အမွှေးသန်ကြပြီး အရှည်မြန်ကြပါတယ်။ အချို့ကလည်း နှုတ်ခမ်းမွှေး ရှည်ဖို့ တော်တော်လေးကို အချိန်ယူရပါတယ်။
ကိုယ့်ရဲ့ နှုတ်ခမ်းမွှေး ကို ထူထူထဲထဲနဲ့ အရှည်မြန်ချင်တဲ့ ကွီး တို့အတွက်တော့ သဘာဝအဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ အုန်းဆီ တို့က ကွီးတို့ရဲ့ ပြဿနာ ကို ဖြေရှင်းပေးမယ့် သဘာဝပစ္စည်းများပဲဖြစ်ပါတယ်။ အိပ်ရာဝင်ခါနီးမှာ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများပေါ်တွင် အုန်းဆီအနည်းငယ် လိမ်းကျံပေးထားမယ်ဆိုရင်တော့ သင့်ရဲ့ နှုတ်ခမ်းမွှေးက ကျန်းမာသန်စွမ်းပြီး ကြည့်ကောင်းနေပါလိမ့်မယ်။
မုတ်ဆိတ်မွှေးအောက်ရှိ အသားအရေ ခြောက်သွေ့ခြင်း
မုတ်ဆိတ်မွှေးနှင့် နှုတ်ခမ်းမွှေးနေရာတစ်ဝိုက်တွင် အသာအးရေခြောက်သွေ့ခြင်းမှ ကာကွယ်ဖို့ရန်အတွက် ဆာလဖိတ် မပါဝင်တဲ့ ခေါင်းလျှော် ရည်နှင့် Conditioner တို့ အသုံးပြုကာ ခေါင်းလျှော်သလိုပဲ ဆေးကြောသန့်စင်ပေးလိုက်ပါ။ တစ်ပတ်လျှင် ၂ ကြိမ်ခန့် ပြုလုပ်ပေးရုံပါပဲ။ ပြီးတဲ့အခါမှာတော့ အခြောက်ခံပြီးတဲ့နောက်မှာ ထောပတ်သီးအဆီ လိမ်းကျံပေးလိုက်ပါ။ ဒါဆိုရင်တော့ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးနေရာတဝိုက်ရှိ အသားအရေက စိုပြေလာမှာပဲဖြစ်ပါတယ်။
မုတ်ဆိတ်မွှေးပေါ်မှာ ဗောက်ထခြင်း
ဗောက်တွေသည် ဦးရေပြားနှင့် ဆံပင်မှာပဲ ရှိတတ်တာမဟုတ်ပါဘူး။ မုတ်ဆိတ်မွှေးများ၊ နှုတ်ခမ်းမွှေးပေါ်တွင်လည်း ဗောက်ထတတ်ပါတယ်။ ထိုကဲ့သို့ ဗောက်ထခြင်းသည် အသားအရေခြောက်သွေ့ခြင်းကြောင့်သော်လည်းကောင်း၊ ရာသီဥတုအခြေအနေကြောင့်သော်လည်းကောင်း၊ စိတ်ဖိစီးမှုများကြောင့်သော်လည်းကောင်းဖြစ်တတ်ပါတယ်။ ထိုပြဿနာအတွက်ဆိုရင်တော့ သဘာဝအဆီများ အသုံးပြုကာ လိမ်းကျံပေးသင့်ပါတယ်။
မုတ်ဆိတ်မွှေးနှင့် နှုတ်ခမ်းမွှေးများ အနံ့အသက်မကောင်းခြင်း
မုတ်ဆိတ်မွှေးများ၊ နှုတ်ခမ်းမွှေးများကို အရှည်ထားတော့မယ်ဆိုရင်တော့ သာမန်ထက်ပိုပြီး ဂရုစိုက်ရမှာပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုအမွှေးအမျှင်များပေါ်တွင် မလိုလားအပ်တဲ့ ဖုန်မှုန့်၊ အညစ်အကြေးများနှင့် အဆီများ ကပ်ငြိနေတတ်လို့ပါပဲ။ သန့်ရှင်းရေး သေချာမလုပ်ပါက အနံ့အသက်မကောင်းတတ်ပါဘူး။ ဒါ့ကြောင့် တစ်ပတ်လျှင် ၂ ကြိမ်ခန့် ဆာလဖိတ်မပါဝင်တဲ့ ခေါင်းလျှော်ရည်၊ Conditioner တို့ဖြင့် လျှော်ပေးဖို့လိုအပ်ပါတယ်။ ပြီးတဲ့အခါမှာတော့ အခြောက်ခံပြီးတဲ့နောက်မှာ ထောပတ်သီးအဆီ လိမ်းကျံပေးလိုက်ပါ။
Source: Manofmany
Featured Image: Beardresource