ထိုင်းနိုင်ငံထဲက နာမည်အကြီးဆုံး ကမ်းခြေတွေထဲမှာ ဖူးခက်ကတော့ ထိပ်ဆုံးကပါပါတယ်။ ထိုင်းနိုင်ငံတင်မကပါဘူး အရှေ့တောင်အာရှထဲက အလှဆုံးကမ်းခြေစာရင်းမှာ ဖူးခက်ကမ်းခြေဟာ တစ်ခုအပါအဝင်ပါ။ မျက်စိတဆုံး လှပလွန်းလှတဲ့ ပင်လယ်ပြင်ကြီးနဲ့အတူ ထိုင်းလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု ၊ သဘာဝ အလှတရားတွေ ၊ လက်ရာမြောက် ရှေးဟောင်းဘုရားကျောင်းတွေ ၊ ကြက်ပျံမကျ စည်ကားလှတဲ့ ဈေးလမ်းတွေနဲ့ မြည်းစမ်းကြည့်ချင်စရာ ဒေသထွက်အစားအစာတွေက ခရီးသွားချစ်သူတိုင်းကို ဆွဲဆောင်နေတာပါ။ ဒီတစ်ခေါက်မှာတော့ ပင်လယ်ပျော် ခရီးသွားချစ်သူတွေအတွက် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ က လည်ပတ်စရာနေရာတွေကို မျှဝေပေးချင်ပါတယ်။

(၁) Wat Chalong ဘုရားကျောင်း

Wat Chalong

Photo : : NOMADasaurus

ဖူးခက်ကမ်းခြေ မှာ ဗုဒ္ဓဘာသာဘုရားကျောင်း ၂၉ ကျောင်းရှိတဲ့အထဲမှာ Wat Chalong ဘုရားကျောင်းကတော့ အကြီးကျယ်အခမ်းနားဆုံးနဲ့ အကျော်ကြားဆုံးပါ။ ဗိမာန်တော် တစ်ခုလုံးမှာ ကျယ်ဝန်းသန့်ရှင်းပြီး မျက်စိအေးစေတဲ့ ဥယျာဉ်တော်တွေ ၊ ရွှေအတိပြီးတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ ရင်သပ်ရှုမောဖွယ်ရာ ဗိသုကာလက်ရာတွေ ပြည့်နှက်နေပါတယ်။ ထိုင်းနိုင်ငံတဝှမ်းက ဗုဒ္ဓဘာသာဘုရားကျောင်းတွေလိုပဲ Wat Chalong ဘုရားကျောင်းမှာလည်း ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းကမ်းတွေနဲ့ နိုင်ငံခြားသား ခရီးသွားတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကိုတော့ ရှိပါတယ်။

(၂) Karon Viewpoint

Karon Viewpoint

Photo : Explore Phuket

သဘာဝအလှတရားတွေနဲ့ မျက်စိတဆုံး မြင်တွေ့ရမယ့် အံ့အားသင့်ဖွယ် ရှုခင်းအလှတွေကို ခံစားချင်ရင်တော့ Karon Viewpoint ကို ရောက်အောင်သွားပါ။ Karon Viewpoint ကို Kata Viewpoint လို့လည်း လူသိများပြီး Kata Noi ကမ်းခြေရဲ့ တောင်ဘက်ခြမ်းမှာ တည်ရှိပါတယ်။ Karon Viewpoint ကနေ စိမ်းပြာရောင် Andaman ပင်လယ်ပြင်ကြီးရဲ့အလှတရားကို ခံစားရင်း အနားယူအပန်းဖြေနိုင်သလို ပတ်ဝန်းကျင်အနီးအနားက ကမ်းခြေတွေ ၊ ဖူးခက်ကမ်းခြေ မြို့လေးရဲ့ အံ့မခန်း မြို့ပြမြင်ကွင်းအလှတွေကိုလည်း ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) ဖူးခက်မြို့ဟောင်း

Phuket Old Town

Photo : Lonely Planet

ဖူးခက်ကမ်းခြေ ရဲ့အရှေ့တောင်ဘက်ထောင့်မှာတည်ရှိတဲ့ ဖူးခက်မြို့ဟောင်းဟာ ကိုလိုနီခေတ်လက်ကျန် အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ စိတ်ဝင်စားဖွယ်ရာ ခရီးသွားနေရာလေး တစ်ခုပါ။ ယနေ့အချိန်အထိ ခေတ်ဟောင်း ရောင်စုံဗိသုကာလက်ရာ အဆောက်အဦးတွေနဲ့ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံခြားသားတွေရဲ့ လက်ရာမြောက် စံအိမ်ကြီးတွေ များစွာ တည်ရှိနေပါတယ်။ ဖူးခက်မြို့ဟောင်းမှာ ဗုဒ္ဓဘာသာနဲ့ တရုတ်ဘုရားကျောင်းတွေ ၊ ပြတိုက်တွေ ၊ ရှောပင်ထွက်ရာ အရောင်းဆိုင်တွေ ၊ ကော်ဖီဆိုင်တွေနဲ့ ညခင်းလည်ပတ်စရာ နေရာလေးတွေ အများကြီး ရှိနေပါတယ်။

(၄) အားလပ်ရက် ညဈေးတန်း

Phuket Weekend Night Market

Photo : Tatler Asia

ဖူးခက်ကမ်းခြေ ရဲ့ နာမည်အကြီးဆုံးနဲ့ နိုင်ငံခြားခရီးသွားတွေ လာရောက်လည်ပတ်မှု အများဆုံး နေရာတွေထဲက တစ်ခုကတော့ Weekend Night Market ပါပဲ။ ဒေသခံတွေကတော့ “Naka ​​Market” လို့ လူသိများပါတယ်။ Phuket Weekend Night Market မှာ ဈေးအတွင်း အဝတ်အစားနဲ့ အမှတ်တရပစ္စည်းတွေကို အဓိကရောင်းချပြီး အပြင်ဘက်ခြမ်းမှာတော့ တပတ်ရစ် ဖိနပ်တွေ ၊ စီဒီနဲ့ ရုပ်ရှင်အခွေတွေ ၊ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ပုရစ် အစ ကင်းမြီးကောက် အဆုံး ထူးဆန်းတဲ့ အင်းဆက်ပိုးမွှားကြော်တွေကို လှိုင်လှိုင်ရောင်းချကြပါတယ်။ လူစည်ချက်ကတော့ လူပင်လယ်ကြီးအလား ထင်မှတ်ရလောက်အောင် စည်းကားလွန်းတာမလို့ Weekend Night Market ဟာ ဖူးခက်ရောက်ရင် သေချာပေါက်သွားလည်သင့်တဲ့ နေရာတွေထဲတစ်ခုပဲ ဖြစ်ပါတယ်။

(၅) ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်

Phuket's Big Buddha

Photo : Two Sea Tours

ဖူးခက်ကမ်းခြေ ရောက်ရင် Big Buddha လို့လူသိများတဲ့ ဧရိယာ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ကိုလည်း သွားရောက် လည်ပတ်သင့်ပါတယ်။ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီးဟာ အဖြူရောင် မြန်မာစကျင်ကျောက်နဲ့ ထွင်းထုပူဇော်ထားတာဖြစ်ပြီး ရုပ်ပွားတော်ရဲ့အမြင့်ဟာ ၄၅ မီတာအထိ ရှိပါတယ်။ Big Buddha ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးကို ၂၀၀၄ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး Nakkerd တောင်ထိပ်မှာ ကြည်ညိုဖွယ်ရာ တည်ရှိနေကာ ကျွန်းရဲ့ လှပလွန်းလှတဲ့ မြင်ကွင်းကျယ်ရှုခင်းတွေနဲ့အတူ သပ္ပါယ်ခမ်းနားစွာ စံပယ်တော်မူလျက်ရှိတာ ဖြစ်ပါတယ်။

နောက်ထပ်လည်း ဖူးခက်တခွင်မှာ စိတ်ဝင်စားစရာ လည်ပတ်ရမယ့် နေရာတွေ အများကြီး ကျန်ရှိနေသေးတာကြောင့် ခရီးသွားချစ်သူတွေအတွက် အပိုင်း (၂) မှာ ဆက်လက်တင်ဆက် ပေးသွားပါမယ်။

Source : NOMADasaurus

Featured Photo : Barcelo.com