ရှင်သန်နေထိုင်ရာ ဘဝမှာ သင်ယူလေ့လာမှုများကို နေ့စဉ်နေ့တိုင်း ပြုလုပ်ရမှာဖြစ်ပါတယ်။ သင်ယူလေ့လာမှုကို ရပ်တန့်လိုက်တဲ့နေ့သည် ဘဝကြီး ရှင်လျက်နဲ့ သေဆုံးသွားတာနဲ့ အတူတူပါပဲ။ သင့်ရဲ့ တက်လမ်းတွေသည် လုံးဝပိတ်သွားမှာဖြစ်ပြီး ဘဝကြီးက တဖြည်းဖြည်း ဆုတ်ယုတ်လာမှာဖြစ်ပါတယ်။ ပညာရပ် တစ်ခုကို လေ့လာတဲ့အခါ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်နဲ့ ကျွမ်းကျင် တတ်မြောက်ချင်တဲ့ ကွီး တို့အတွက် နည်းလမ်းကောင်း များရှိပါတယ်။
ထိုနည်းလမ်းကောင်းတွေက ဘာတွေလဲဆိုတာကို မပြောပြခင်မှာ အရင်ဦးဆုံး ကိုယ်သည် ဘယ်လိုလေ့လာသင်ယူတတ်သူတစ်ယောက်လဲဆိုတာ ခွဲခြမ်းစိတ်ဖြာဖို့လိုအပ်ပါတယ်။
လူသားတွေသည် တစ်ယောက်နဲ့တစ်ယောက် သင်ယူလေ့လာပုံခြင်း မတူညီကြပါဘူး။ Vanderbilt တက္ကသိုလ်က ပြုလုပ်ထားတဲ့ လေ့လာချက်အရ လေ့လာသင်ယူနည်းပေါင်း နည်း ၇၀ ရှိပါတယ်။ ထိုထဲကမှ အဓိကအကျဆုံး (၄) ချက်ကတော့ …
အမြင်အာရုံဖြင့် လေ့လာဆည်းပူးတတ်သူ
Photo: Academic Courses
ဒီသူတွေကတော့ ပုံများ၊ ဗားကရပ်များ၊ ဗွီဒီယိုများ စတဲ့ မျက်စိရှေ့မှာ ရုပ်လုံးပေါ်အောင် မြင်မှ လေ့လာသင်ယူတတ်တဲ့လူတန်းစားတစ်ရပ်ပါ။
အသံဖြင့် လေ့လာဆည်းပူးတတ်သူ
Photo: Study International
သူတို့ကတော့ တစ်ယောက်ယောက်က စာရှင်းပြ စာဖတ်ပြတဲ့ အသံကို ကြားရတဲ့အခါ အလွယ်တကူ မှတ်မိလွယ်ပါတယ်။ Audiobooks များ နားထောင်ခြင်း၊ Podcasts များ နားထောင်ခြင်းဖြင့် သူတို့ရဲ့ လေ့လာဆည်းပူးမှုအရှိန်အဟုန်ကို မြင့်တင်နိုင်ကြသူတွေပါ။
စာဖတ်ပြီး ချရေးမှ မှတ်မိတတ်တဲ့သူတွေ
သင် ငယ်စဉ်အခါ ဆယ်တန်းစာမေးပွဲအတွက် ပြင်ဆင်ကျက်မှတ်စဉ်တွင် လူကြီးသူမများက စာကျက်ရင် ချရေး၊ ချကျက်၊ ချရေးမှ မှတ်မိမှာပေါ့ ဆိုတဲ့ အကြံပေးတဲ့စကားကို ကြားရကောင်းကြားရပါလိမ့်မယ်။ တကယ်တော့ သင့် မိဘတွေက သူ ငယ်စဉ်တုန်းက ချရေး ချကျက်ခဲ့လို့ မှတ်မိတာကို သင့်ကို ထိုနည်းအတိုင်း ပြန်လည်အသုံးချစေချင်တာဖြစ်ပါတယ်။ တကယ်လို့ သင်သည် စာဖတ်ပြီး ချရေးမှ မှတ်မိတတ်တဲ့ လူတစ်ယောက်ဆိုရင်တော့ ဒီနည်းလမ်းက အသုံးတည့်ပါလိမ့်မယ်။
ဒါပေမဲ့ သင်သည် အသံဖြင့် လေ့လာတတ်သူတစ်ယောက်ဆိုရင်တော့ ဒီနည်းလမ်းသည် အချည်းနှီးပဲဖြစ်ပါတယ်။
လှုပ်ရှားမှုဖြင့် လေ့လာတတ်သူ
ခန္ဓာကိုယ်က တစ်ခုခုလှုပ်ရှားနေရမှ မှတ်မိတတ်သူတွေဖြစ်ပါတယ်။ ဥပမာ လမ်းလျှောက်နေရင်း စာကျက်လိုက်မှ စာရသွားတာလို့ ပြောတတ်တဲ့သူတွေသည် ခန္ဓာကိုယ် လှုပ်ရှားရင်း လေ့လာဆည်းပူးတတ်သူတွေဖြစ်ပါတယ်။ တချို့ကလည်း လက်အမူအရာဖြင့် စာလေ့လာဖတ်ရှုတတ်သူတွေဖြစ်ပါတယ်။
ဒီအမျိုးအစား (၄) မျိုးတည်းမှာ ကိုယ်က ဘယ်အမျိုးအစားထဲ ပါဝင်သလဲဆိုတာသိမှ ပညာရပ် တစ်ခုကို အချိန်တိုအတွင် ကျွမ်းကျင် တတ်မြောက်နိုင်မယ့် နည်းလမ်းကောင်း ကို ရှာတွေ့မှာဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ အနာတခြား ဆေးတခြားနဲ့ အချိန်ကုန် ငွေကုန်တာပဲ အဖတ်တင်ပြီး လေ့လာသင်ယူမှု နှောင့်နှေးသွားနိုင်ပါတယ်။
ပညာရပ်တစ်ခုရဲ့ သင်ခန်းစာတစ်ခုကို ပထမဆုံး လေ့လာပြီးနောက်မှာ နာရီပိုင်းအနည်းငယ်မှာ သင် မှတ်မိသလိုလို ခံစားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ထိုမှတ်ဉာဏ်သည် ဘယ်နှရက် ခံမယ်လို့ သင် ထင်ပါသလဲ။ စောစောက သင် လေ့လာထားတဲ့အရာသည် ရေတိုမှတ်ဉာဏ်ထဲမှာပဲ ရှိပါသေးတယ်။
ရေရှည်မှတ်ဉာဏ်ထဲသို့ ပို့ပြီး တစ်ဘဝလုံးစာ သေရာပါသည်အထိ မှတ်မိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။
၂၄ နာရီကြာသည်အထိ စောင့်ပါ
ပထမတစ်ခါ လေ့လာကျက်မှတ်ပြီးသွားတဲ့အခါ ၂၄ နာရီလောက် ပစ်ထားလိုက်ပါ။ ၂၄ နာရီပြည့်သွားတဲ့အခါ သင့်ရဲ့ မှတ်စုထုတ်ထားတဲ့ စာတွေကို ပြန်လည်ဖတ်ရှုရင်း စာပြန်နွေးရပါမယ်။
နောက်ထပ် တစ်ရက် ထပ်စောင့်ပါ
စောစောက ၂၄ နာရီကြာလို့ စာထပ်လုပ်ပြီးသွားပြီဆိုရင် နောက်ထပ် တစ်ရက် ထပ်စောင့်ရပါမယ်။ တစ်ရက်ပြည့်တဲ့အခါ လမ်းလျှောက်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ အနားယူအပန်းဖြေနေချိန်မှာပဲဖြစ်ဖြစ်၊ ကားစီးနေချိန်မှာပဲဖြစ်ဖြစ် မှတ်စုစာအုပ်ကို မကြည့်ဘဲ ခေါင်းထဲကနေ တစ်ခုချင်းစီ ပြန်စဉ်းစားကြည့်လိုက်ပါ။
ရက်အနည်းငယ် ကြာတဲ့အခါ မှတ်စုစာအုပ်ကို ပြန်ကြည့်ပါ
ရက်အနည်းငယ် ကြာသွားတဲ့အခါမှာတော့ သင့်ရဲ့ မှတ်စုစာအုပ်ကို ပြန်ကြည့်ရင် စာပြန်နွှေးပေးရပါမယ်။ စောစောကအဆင့်မှာ မေ့ကျန်ခဲ့တဲ့ အရာများကို သေသေချာချာ မှတ်သားထားပြီးနောက် နောက်ထပ်မမေ့အောင် ထပ်လေ့လာရမှာဖြစ်ပါတယ်။
ပြန်လည်အသုံးချပါ
ကိုယ် ဖတ်ရှူလေ့လာထားတဲ့စာများကို ပြန်လည်အသုံးမချဘဲ ဒီအတိုင်းပဲ ထားမယ်ဆိုရင်တော့ ကျက်မှတ်လေ့လာထားတာတွေသည် အလကားပဲဖြစ်ပါတယ်။ အချိန်ကုန်၊ လူပင်ပန်းတာပဲ အဖတ်တင်မှာပါ။ တကယ်တမ်း အသုံးကျချင်တယ်ဆိုရင်တော့ ထိုပညာရပ်ကို ပြန်လည်အသုံးချပေးဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှ ကိုယ့်ရဲ့ လိုအပ်ချက်တွေ ထပ်လေ့လာရမယ့်အရာတွေကို သိရှိနားလည်မှာဖြစ်ပါတယ်။
လေ့လာသင်ယူခြင်းကို အမြဲတစေပြုလုပ်ပါ
အောင်မြင်မှုအတွက် အရေးအကြီးဆုံးအရာသည် စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းပဲဖြစ်ပါတယ်။ ခံစားချက်များ သစ်လွင်ပြီး ဘဝကြီးက အဓိပ္ပာယ်ရှိတဲ့ ခံစားချက်မျိုး ခံစားချင်တယ်ဆိုရင်တော့ စဉ်ဆက်မပြတ်လေ့လာသင်ယူဖို့လိုအပ်ပါတယ်။
ဥပမာ သင်သည် Website Designer တစ်ယောက်ဆိုပါစို့။ ကိုယ် အလုပ်လုပ်ရတဲ့ နယ်ပယ်သည် အသစ် အသစ်သော ပြောင်းလဲမှုတွေကို နေ့ရက်မခြား တွေ့မြင်နေရတာဖြစ်ပါတယ်။ တကယ်လို့သာ သင်သည် သင့်ရဲ့လေ့လာသင်ယူမှုကို ရပ်တန့်လိုက်ပါက အိုင်ဒီယာအသစ်အဆန်းတွေ ထွက်လာတော့မှာမဟုတ်ဘဲ ကိုယ့်ရဲ့နာမည်သည် တဖြည်းဖြည်းကျသွားမှာဖြစ်ပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ သင်သည် ဒီနယ်ပယ်ထဲမှာ ဘယ်လိုအသစ်အဆန်းတွေ ဖြစ်နေသလဲ။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ဘယ်လိုပြောင်းလဲနေသလဲ။ ကိုယ် မသိသေးတဲ့အရာတွေက ဘာတွေလဲ။ ဘယ်အရာတွေကို ထပ်လေ့လာဖို့လိုဦးမလဲ စသည်ဖြင့် ကိုယ့်ရဲ့ တိုးတက်မှုကို စဉ်ဆက်မပြတ်လေ့လာပြီး သင်ယူဆည်းပူးနေမယ်ဆိုရင်တော့ အောင်မြင်မှုက သင့်အတွက်ပဲဖြစ်ပါတယ်။
ကိုယ် လေ့လာရမယ့် ပညာရပ် ကို သိရှိသွားတဲ့အခါ အချိန်တိုအတွင်း ကျွမ်းကျင် တတ်မြောက်ချင်တယ်ဆိုရင်တော့ စောစောက ဖော်ပြခဲ့တဲ့ နည်းလမ်းကောင်း များကိုပဲ ပြန်လည်အသုံးချရမှာဖြစ်ပါတယ်။
Source: Lifehack
Featured Image: Lifehack