ဘယ်နေရာမဆို ပထမဆုံးအချိန်ဆိုတာ အနည်းငယ်တော့ ခက်ခဲတတ်ပါတယ်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမှာ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ပထမဆုံးအကြိမ်မှာ စိတ်လှုပ်ရှားပြီး အလွဲလွဲအချော်ချော် ဖြစ်တတ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုက နှစ်ဦးနှစ်ဖက် သာယာပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်စုံနေရမှာ ဖြစ်သော်လည်းပဲ အကြောင်းအမျိုးမျိုးကြောင့် ကွီးတို့ ပထမဆုံးအကြိမ် အတွေ့အကြုံက ဆိုးဝါးတာဖြစ်သွား တတ်ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲ ပြဿနာတွေနဲ့ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုတွေလည်း ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ ပထမဆုံးအကြိမ်ကို ဖြတ်သန်းတော့မယ့် ပုရိသတို့အတွက် သိရှိထားပြီး ပြင်ဆင်သင့်တဲ့ အချက်တွေကို ဝေမျှပေးချင်ပါတယ်။

ကြိုတင်ပြင်ဆင်ပါ

ပထမဆုံးအကြိမ်ကို ဖြတ်သန်းတော့မယ့်

Photo : KY

လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို ပြုလုပ်တော့မယ်ဆိုရင် ကွီးတို့အနေနဲ့ ပြင်ဆင်ထားရမယ့် အချက်တွေရှိပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ထားပြီး အရမ်းစိတ်မလှုပ်ရှားပါနဲ့။ လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး လုံခြုံဘေးကင်းသော လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ဖြစ်စေဖို့ သေချာလေ့လာထားဖို့ လိုပါတယ်။ နောက်တစ်ချက်ကတော့ အကာအကွယ် (ကွန်ဒုံး) အသုံးပြုဖို့ပါပဲ။ ပထမဆုံးအကြိမ်မှာ မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ရှောင်ရှားဖို့ ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် အဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ ကိုယ်ဝန်ရရှိခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။

ကွန်ဒုံးအသုံးပြုရမှာ မှန်မှန်ကန်ကန် သုံးတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ရက်စွဲကို အမြဲတမ်းစစ်ဆေးပါ။ ကွန်ဒုံးကို ဖောက်တဲ့အခါမှာ လက်သည်း၊ လက်ဝတ်ရတနာ၊ သွားများဖြင့် မကိုက်မိစေရန် သတိထားပါ။ ကွန်ဒုံးကို လိင်မှုအစကနေ အဆုံးထိ အသုံးပြုပါ။

အချင်းချင်း ယုံကြည်မှုကို တည်ဆောက်ထားပါ

ပထမဆုံးအကြိမ်ကို ဖြတ်သန်းတော့မယ့်

Photo : Verywell Mind

ပထမဆုံးအကြိမ် လိင်ဆက်ဆံမှုမှာ အဆင်ပြေချောမွေ့ပြီး ပျော်ရွှင်ဖို့ဆိုရင် အချင်းချင်း ယုံကြည်မှုနဲ့ ပွင့်လင်းမှု ရှိဖို့လိုပါတယ်။ ကွီးတို့အနေနဲ့ ဒီလူနဲ့ပဲ ရေရှည်လက်တွဲသွားသည်ဖြစ်စေ၊ ထိုသို့မဟုတ်သည် ဖြစ်စေ၊ အချင်းချင်းပွင့်လင်းမှု ရှိဖို့လိုပါတယ်။ အချင်းချင်း လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ မိမိတို့ရဲ့ နောက်ကြောင်းကျန်းမာရေး ရာဇဝင်ကို  ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ ဒါမှသာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ရရှိနိုင်မည်သာမက အဆင်ပြေချောမွေ့ကောင်းမွန်သော ပထမဆုံး အတွေ့အကြုံကို ရရှိမှာပဲ ဖြစ်ပါတယ်။

တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ပါ

Photo : The Times

လိင်ဆက်ဆံရာမှာ တစ်ကိုယ်ရည် သန့်ရှင်းမှုကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်ပိုင်းကို သန့်ရှင်းစင်ကြယ် နေပါစေ။ လက်သည်းများကိုလည်း ညှပ်ထားကာ သန့်ရှင်းနေစေဖို့ အထူးဂရုစိုက်ပါ။ ဒါ့အပြင် ကွီးတို့ရဲ့ လိင်အင်္ဂါနဲ့ တစ်ဝိုက် သန့်ရှင်းရေးကို အမြဲအလေးပေးပါ။ ဒါမှသာ အနံ့အသက်ဆိုးများ ထွက်ခြင်း၊ ယားယံခြင်းနဲ့ ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဘယ်သူမှ အနံ့အသက်မကောင်းတဲ့သူနဲ့ အိပ်ရာအတူမဝင်ချင်ဘူးဆိုတာ နားလည်ထားပါ။

ဖြည်းဖြည်းချင်းသွားပါ

Photo : HuffPost

လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမှာ စိတ်လှုပ်ရှားမှုနဲ့ ပူပန်မှုတွေများပြီး အလျင်စလို လှုပ်ရှားမိခြင်းက နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်မပြေပါဘူး။ အခန့်မသင့်လျှင် တစ်ဖက်သာကို နာကျင်အောင် ပြုလုပ်မိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ပစ္စုပ္ပန်ကိုသာ အာရုံစိုက်ပြီး သဘာဝအတိုင်း လှုပ်ရှားမှုကိုသာ အာရုံထားပါ။ ဒီလို ပြုလုပ်ခြင်းအားဖြင့် လိင်ဆက်ဆံမှုကို ပိုမိုသက်တောင့်သက်သာဖြစ်စေပြီး ပျော်ရွှင်ဖွယ်အတွေ့အကြုံကို ဖြစ်စေပါလိမ့်မယ်။

အခုဖော်ပြပေးလိုက်တဲ့ အချက်တွေကို သိရှိထားခြင်းဖြင့် ပထမဆုံးအကြိမ်ကို ဖြတ်သန်းတော့မယ့် ပုရိသတို့အနေနဲ့ ကောင်းမွန်လုံခြုံသော အတွေ့အကြုံကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

Source : Willingness

Featured Photo : Medium