ချစ်သူကောင်မလေးနဲ့ ပထမဦးဆုံး ဒိတ် လုပ်တဲ့အခါ ရင်ခုန်စိတ်လှုပ်ရှားမှု ကတော့ ရာနှုန်းပြည့်ပါပဲ။ ယောကျာ်းလေးတွေက ဘယ်လောက်ပဲ တော်ကီ ကောင်းတယ် ပြောပြော ၊ မိန်းကလေး တစ်ယောက်ကို ဦးဆောင်ပြီး စကားပြောနိုင်တယ် ပဲပြောပြော ပထမဦးဆုံး ဒိတ် မှာတော့ ရင်ခုန်စိတ်လှုပ်ရှားက သာမန်ထက်ပိုတာကြောင့် အလွဲလွဲအချော်ချော်နဲ့ ပြောစရာစကားလုံး ရှာမတွေ့တာမျိုးတွေ ဖြစ်တက်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် ကွီး တို့ ချစ်သူကောင်မလေးနဲ့ ပထမဦးဆုံး ဒိတ် မှာ ပြောသင့်တဲ့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာ ကောင်းတဲ့ အကြောင်းအရာ တချို့ကို မျှဝေပေး လိုပါတယ်။

ပထမဦးဆုံး အကြံတစ်ခု ပေးချင်တာက ကွီးတို့ အနေနဲ့ အနည်းငယ် စိတ်လှုပ်ရှားနေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဝန်ခံထားဖို့ပဲ ဖြစ်ပါတယ်။ သူမအနေနဲ့လည်း ရင်ခုန်စိတ်လှုပ်ရှားမှုလေးတွေ ရှိနေမှာ ဖြစ်တာကြောင့် ဒီလိုစတွေ့ကတည်းက စိတ်လှုပ်ရှားနေကြောင်း ဝန်ခံထားမယ်ဆိုရင် ဖိအားတစ်ချို့ကို လျော့ကျစေပြီး အပြန်အလှန် ရယ်မောခြင်းတွေ ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ကဲဒါဆို ဘယ်လို ပျော်စရာကောင်းတဲ့ ခေါင်းစဉ်လေးတွေ ရွေးပြောသင့်လဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) ငယ်ဘဝ အမှတ်တရ

Photo : TheSuburban

လူတိုင်း အပူအပင်ကင်းကင်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ငယ်ဘဝအမှတ်တရတွေအကြောင်း ပြန်ပြောင်းပြောပြရတာ နှစ်သက်ကြပါတယ်။ ငယ်ဘဝက နေထိုင်ခဲ့တဲ့ ဇာတိအကြောင်း ၊ မှတ်မှတ်ရရ ငယ်ဘဝရဲ့ အမှတ်တရတွေအကြောင်း စတဲ့အရာလေးတွေကို ပြောနိုင်ပါတယ်။ သူမရဲ့ ငယ်ဘဝ ဖြတ်သန်းမှုကို သိရှိခွင့်ရတာဟာ သူမအကြောင်းကို ပိုပြီး နားလည်နိုင်ဖို့အတွက်လည်း အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

(၂) ခရီးအသွားချင်ဆုံး နေရာ

Photo : Unsplash

အလည်အပတ်ခရီးစဉ်တွေအကြောင်း ပြောရတာလည်း အမြဲတမ်း ပျော်စရာကောင်းတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်ပါတယ်။ သူမက ကမ်းခြေကိုကြိုက်တဲ့ သူတစ်ယောက်လား ၊ တောင်တန်းတွေကို ချစ်တဲ့သူလား ၊ သူမရဲ့ Favorite အဖြစ်ဆုံး မြို့က ဘယ်မြို့ဖြစ်မလဲ ၊ ဘယ်နေရာတွေကို အလည်အပတ် ခရီးသွားချင်လဲ ၊ ရောက်ဖူးခဲ့တဲ့ ခရီးတွေထဲက အမှတ်တရအဖြစ်ဆုံး ခရီးစဉ်တွေ ၊  နောက်ထပ် အလည်အပတ် အသွားချင်ဆုံး နေရာလေးတွေ  စတဲ့ အကြောင်းအရာလေးတွေကို အပြန်အလှန် မျှဝေလို့ရပါတယ်။

(၃) အားလပ်ချိန် ဖြတ်သန်းပုံ

Photo : Dating Logic

တစ်ယောက်နဲ့ တစ်ယောက် အားလပ်ချိန်တွေမှာ အနားယူ ဖြတ်သန်းပုံလေးတွေက မတူညီကြပါဘူး။ တချို့ကလည်း ရုပ်ရှင်တွေ ကြည့်ရတာ ကြိုက်သလို ၊ တချို့ကလည်း တိတ်ဆိတ်တဲ့ ကော်ဖီဆိုင်လေးတစ်ခုမှာ စာအုပ်ဖတ်ရင်း အချိန်ကုန်ဆုံးလေ့ ရှိကြပါတယ်။ သူမအနေနဲ့ အားလပ်ချိန်တွေမှာ ဘယ်လိုဖြတ်သန်းလေ့ရှိလဲ ၊ သူမရဲ့ အကြိုက်ဆုံး စာအုပ်တွေ ၊ အကြိုက်ဆုံး ရုပ်ရှင်တွေ ၊ သီချင်းတွေ စတဲ့ အကြောင်းအရာလေးတွေကို ပေါ့ပေါ့ပါးပါး ဆွေးနွေးလို့ ရပါတယ်။

(၄) အကြိုက်ဆုံး အစားအစာ

Photo : Yahoo News

အစားအသောက်တွေအကြောင်း ပြောရတာလည်း ပျော်ဖို့ကောင်းပါတယ်။ သူမက ဘယ်လို အစားအစာတွေ ကြိုက်တက်လဲ ၊ သူမအကြိုက်ဆုံး အစားအစာတွေက ဘာတွေဖြစ်မလဲဆိုတာ မေးကြည့်ပါ။ သူမရဲ့ အကြိုက်တွေ သိထားမယ်ဆိုရင် နောက်ထပ် တစ်ကြိမ် ဒိတ်လုပ်တဲ့အခါ ကွီးတို့ ဆိုင်ထိုင်ဖို့ အများကြီး စဉ်းစားနေရာ မလိုတော့ပါဘူး။

ပထမဦးဆုံး ဒိတ် မှာ ပြောသင့်တဲ့ ပျော်စရာ Topics လေးတွေအကြောင်း ပြောပြီးပြီဆိုတော့ ရှောင်သင့်တဲ့ ခေါင်းစဉ်လေးတွေကိုလည်း တစ်ခါတည်း ပြောပြပေးချင်ပါတယ်။ အဓိက အားဖြင့် တစ်ယောက်နဲ့တစ်ယောက် အမြင်ကွဲလွဲပြီး ငြင်းခုန်ရမယ့် ခေါင်းစဉ်လေးတွေကို အဓိက ရှောင်သင့်ပါတယ်။ နိုင်ငံရေးအကြောင်း ၊ ဘာသာရေးအကြောင်း ၊ ရည်းစားဟောင်းအကြောင်း ၊ Sex နဲ့ ပိုက်ဆံအကြောင်း စတဲ့ အရာတွေနဲ့ ပတ်သတ်တဲ့ ခေါင်းစဉ်လေးတွေကို ရှောင်ကြဉ်ဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Unsplash