မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒို ဟာ မနေ့ညက အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီး ကွင်းရဲ့ထွက်ပေါက် ဥမင်အတွင်းသို့ ဒေါသတကြီးနဲ့ ဝင်ရောက်လာစဉ် အဲဗာတန် ပရိသတ် တစ်ဦးရဲ့ ဖုန်းကို ရိုက်ချခဲ့မိတာကြောင့် ပြန်လည်တောင်းပန်စကား ဆိုခဲ့တယ်လို့ သိရပါတယ်။


Photo : usa news

ပေါ်တူဂီသားဟာ အဆိုပါလုပ်ရပ်ကြောင့် သူရဲ့ အင်စတာဂရမ်လူမှုကွန်ယက် ကနေတဆင့်တောင်းပန် စကားရေးသားခဲ့တာဖြစ်ပြီး အဲဗာတန်ပရိသတ်ကိုလည်း အိုးထရက်ဖို့ဒ်မှာ ဘောလုံးပွဲလာရောက် ကြည့်ရှုဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ရော်နယ်ဒို က ” ကျွန်တော်တို့ ကြုံတွေ့ရတဲ့ ခက်ခဲတဲ့အခိုက်အတန့်တွေမှာ စိတ်ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ကူပါဘူး ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က လှပတဲ့ အားကစားကို နှစ်သက်တဲ့ လူငယ်တိုင်းအတွက် လေးစားမှု ၊ စိတ်ရှည်သည်းခံမှုနဲ့ အမြဲတမ်း စံနမူနာကောင်း ဖြစ်နေရမှာပါ ”

” ကျွန်တော့်ရဲ့ ပေါက်ကွဲမှုအတွက် တောင်းပန်ချင်ပါတယ် ၊ ဖြစ်နိုင်ရင် မျှတတဲ့ ကစားနည်းနဲ့ အားကစားဆန်တဲ့ လက္ခဏာတစ်ခုအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ဘောလုံးပွဲလာကြည့်ဖို့ အဲ့ဒီ ပရိသတ် ကို ဖိတ်ချင်ပါတယ် ” လို့ ရေးသားခဲ့ပါတယ်။

Photo : Sports Brief

အသက် ၃၇ နှစ်အရွယ် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟာ ပွဲအပြီး ဥမင်အတွင်းသို့ ဝင်ရာလမ်းမှာ ဓာတ်ပုံရိုက်နေတဲ့ အဲဗာတန် ပရိသတ်တစ်ဦးရဲ့ ဖုန်းကို ရိုက်ချပြီး အဝတ်လဲခန်းထဲကို ဝင်သွားခဲ့တဲ့ လုပ်ရပ်အပေါ်  တိုင်ကြားခံခဲ့ရတဲ့နောက်မှာ အခုလို တောင်းပန်စကား ဆိုလာခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒို ဟာ ကွင်းထဲက ထွက်ခွာချိန်မှာ သူရဲ့ ခြေသလုံးမှာ သွေးထွက် ဒဏ်ရာရရှိနေခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ကတော့ အဲဗာတန်အသင်းကို ၁ – ၀ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သတ်ပြီး အတိအကျ သိရဖို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

Featured Photo : GiveMeSport