မကြာခင်မှာ ၂၀၂၂ ခုနှစ်ဟာ ကုန်ဆုံးတော့မှာပါ။ ဒီနှစ်အတွင်းမှာ သင့်ကိုသင် ဘယ်လောက်ရာခိုင်နှုန်းအထိ ကျေနပ်မှုရှိခဲ့ပါသလဲ။ ၂၀၂၂ နှစ်စမှာ ရည်မှန်းထားခဲ့တဲ့ အရာတွေရော ပြည့်မြောက်အောင် လုပ်ဆောင်ဖြစ်ခဲ့ပါသလား။ လာမယ့် ၂၀၂၃ နှစ်သစ်မှာ ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေနဲ့ ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာဖို့ရော စိတ်ကူးတွေရှိနေပြီလား။ နှစ်သစ်မှာ တိုးတက်မှုတွေ ပိုင်ဆိုင်ဖို့ ဘာတွေ ပြောင်းလဲရမလဲ ၊ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေ လက်တွေ့အကောင် အထည်ဖော်နိုင်ဖို့ ဘာတွေ လုပ်ဆောင်ရမယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။

(၁) Confort Zone ထဲက ရုန်းထွက်လိုက်ပါ

Photo : Life By The Day

Confort Zone ထဲမှာ အချိန်ကြာကြာပိတ်မိနေတာဟာ ဘဝတိုးတက်ရေးအတွက် အများကြီးအနှောက်ယှက် ဖြစ်စေပါတယ်။ စွန့်စားမှုမရှိပဲ နေ့စဉ်တူညီတဲ့ လုပ်ရိုးလုပ်စဉ်တွေနဲ့ အမြဲအသားကျနေတဲ့ အခြေအနေတစ်ခုမှာ ပျော်မွေ့နေမယ်ဆိုရင် တိုးတက်အောင်မြင်ခြင်းတွေဆိုတာ ရှိလာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လာမယ့်နှစ်သစ်မှာ ပိုကောင်းတဲ့ဘဝတစ်ခုကို ကူးပြောင်းနိုင်ဖို့ ကိုယ့်ကိုယ်ကို မောင်းတင်ပြီး Confort Zone ထဲကနေ ခြေစုံကန်ထွက်လိုက်ဖို့ အကြံပေးချင်ပါတယ်။

(၂) သင့်ကိုယ်သင် ယုံကြည်မှုရှိပါ

Photo : Freepik

လူတစ်ယောက် ပြုပြင်ပြောင်းလဲရာမှာ အဓိကအရေးပါဆုံးက အဲ့ဒီလူကိုယ်တိုင်ပါပဲ။ သင့်အနေနဲ့ တိုးတက်အောင်မြင်တဲ့ ဘဝတစ်ခုကို ပြောင်းလဲချင်တယ်ဆိုရင် သင့်ကိုယ်သင် ယုံကြည်မှု အပြည့်အဝ ရှိနေဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ၊ ကိုယ့်ဘဝရည်မှန်းချက်တွေကို ယုံကြည်မှုရှိရှိနဲ့ ကြိုးစားလုပ်ဆောင်မယ်ဆိုရင် တိုးတက်အောင်မြင်မှုတွေဟာ သင့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာ အသေအချာပါပဲ။

(၃) စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ

Photo : The Statesman

အောင်မြင်တိုးတက်မှုတွေဟာ ဘယ်တော့မှ နေ့ချင်းညချင်း ဖြစ်မလာနိုင်ပါဘူး။ အောင်မြင်မှုဆီသွားရာ ခရီးလမ်းတစ်လျှောက်ဟာ အခက်အခဲအတားအဆီးတွေ ပြည့်နှက်နေနိုင်သလို စိန်ခေါ်မှုများစွာနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ ကြုံလာနိုင်တဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အကောင်းဆုံး ရှေ့ဆက်နိုင်မှသာ လိုချင်တဲ့ ပန်းတိုင်တစ်ခုကို ရောက်နိုင်မှာပါ။ ဒီအတွက်ကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ဖို့ ကိုယ့်ကိုယ်ကို ကြိုတင်ပြင်ဆင် ထားသင့်ပါတယ်။

(၄) စိတ်အားတက်ကြွမှုရှိနေပါစေ


Photo : The Manual

စိတ်ဟာ သင့်ဘဝအပေါ် အများကြီး လွှမ်းမိုးမှုရှိပြီး ဘဝအောင်မြင် တိုးတက်ရေးအတွက် ရာခိုင်နှုန်း တော်တော်များများ အရေးပါပါတယ်။ စိတ်အားထက်သန်မှုနဲ့ ထက်သန်တဲ့ စိတ်ခွန်အားတွေရှိခြင်းဟာ သင့်ဘဝ ရည်မှန်းချက်အိပ်မက်တွေကို ပိုမိုခိုင်မာစေပြီး အခက်အခဲ အတားအဆီးတွေ အားလုံးကို ကျော်ဖြတ်နိုင်စွမ်းရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုသင် စိတ်အားတက်ကြွမှုရှိနေစေဖို့ အမြဲအာရုံစိုက်ပါ။

Featured Photo : Medium