ကွီးတို့ရေ… ပိုက်ဆံအိတ်ကို အိမ်မှာ ခဏ ခဏ မေ့ကျန်ခဲ့လို့ စိတ်ညစ်နေရပါသလား။ ပိုက်ဆံအိတ် မပါလည်း ကွီးတို့ရဲ့ ဖုန်း တစ်လုံး ရှိရုံနဲ့တင် အဆင်ပြေနေတဲ့ အိုင်တီခေတ်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့သည်လည်း အပြင်ထွက်တဲ့အခါ ပိုက်ဆံအိတ် သာ မေ့ကျန်ချင် မေ့ကျန်ခဲ့မယ် ဖုန်း ကတော့ မပါမဖြစ်ပဲ မဟုတ်လား။
ဖုန်း အသုံးပြုကာ အွန်လိုင်းကနေ ငွေပေးချေခြင်း နည်းလမ်းသည်လည်း ယခုဆိုရင် ခေတ်စားလာပြီပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး Mobile Payment အသုံးပြုခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများကလည်း မနည်းမနောပါပဲ။
ဖုန်းဖြင့် ငွေပေးချေခြင်း နည်းပညာကို ဘာ့ကြောင့် တီထွင်ခဲ့သလဲ။
ဒီနည်းပညာကို တီထွင်ခဲ့ရခြင်း ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ အဓိကကတော့ လူသားများအတွက် ပိုမိုလွယ်ကူပြီး အဆင်ပြေကာ သက်သောင့်သက်သာရှိလာအောင် ရည်ရွယ်တာပဲဖြစ်ပါတယ်။ နည်းပညာများ တစ်စထက် တစ်စ တိုးတက်လာလေ လူနေမှုအဆင့်အတန်းကလည်း ပိုမိုမြင့်မားလာလေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ဆင့်ထက်တစ်ဆင့် ပိုမိုကောင်းမွန်တဲ့ နည်းပညာများကို အသုံးချကာ လူသားတွေရဲ့ နေ့စဥ်ဘဝကို ပိုမိုမြန်ဆန်ပြီး အဆင်ပြေလာစေဖို့ရန်အတွက် တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။
လုံခြုံစိတ်ချရခြင်း
Photo: Havengear
တစ်မြို့ကနေ အခြားတစ်မြို့သို့ ခရီးသွားတဲ့အခါ ပိုက်ဆံအထုပ်လိုက်ကြီး တစ်ပွေ့တစ်ပိုက် သယ်သွားတဲ့အခါ အန္တရာယ်ရှိပါတယ်။ မိုဘိုင်းလ်ဖုန်းဖြင့် ပိုက်ဆံပေးချေတဲ့ နည်းပညာ ပေါ်ပေါက်လာတဲ့အခါမှာတော့ ကွီးတို့အနေနဲ့ ခရီးသွားတဲ့အခါ ပိုက်ဆံတွေ အထုပ်လိုက်ကြီး သယ်သွားစရာမလိုတော့တဲ့အတွက်ကြောင့် စိတ်အေး လက်အေးနဲ့ ဘေးကင်းစိတ်ချစွာ ခရီးသွားနိုင်ပြီပဲ ဖြစ်ပါတယ်။
တစ်နေ့တစ်နေ့ အလုပ်သွားဖို့ရန်အတွက် ဘတ်စ်ကား စီးရတဲ့အခါမှာလည်း ခါးပိုက်နှိုက်များက ကိုယ့်ရဲ့ ပိုက်ဆံအိတ်က နှိုက်ယူသွားမယ့်အဖြစ်ကနေလည်း ကင်းဝေးမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကွီးတို့ရဲ့ ဖုန်းကိုတော့ သေသေချာချာ ဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။
မြန်ဆန်မှု ရှိခြင်း
ဖုန်းဖြင့် ငွေပေးချေရတဲ့အခါမှာ ပိုက်ဆံ ပြန်အမ်းနေရတဲ့ ဒုက္ခ၊ အကြွေမရှိလို့ သကြားလုံးလေး ယူသွားပါလား၊ တစ်သျှူးလေး ယူသွားပါလားဆိုတဲ့ ဒုက္ခကနေလည်း ကင်းဝေးသွားမှာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဖုန်းထဲကနေ တိကျတဲ့ ပိုက်ဆံ အမောင့်ကို လွှဲပေးလိုက်ရုံနဲ့တင် တစ်ဖက်သို့ ငွေချေပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး လွယ်ကူမြန်ဆန်တဲ့ အတွက်ကြောင့် ကွီးတို့အနေနဲ့ ပိုက်ဆံအိတ် အစား ဖုန်း အသုံးပြုပြီး အွန်လိုင်းကနေ ငွေချေခြင်းကိုသာ ပြောင်းလဲအသုံးပြုသင့်ပါတယ်။
ကိုယ့်အိမ်ထဲမှာ ထိုင်နေရင်း ပစ္စည်းများ အလွယ်တကူ ဝယ်ယူနိုင်ခြင်း
အရင်ကဆိုရင် ပစ္စည်းတစ်ခုခု ဝယ်ချင်ရင် မအားတဲ့ ကြားထဲက ထွက်ဝယ်နေရတာက လူပိုပင်ပန်းပြီး အချိန်လည်း ကုန်ပါတယ်။ ဒါပေမဲ့ ယခုအချိန်မှာတော့ အွန်လိုင်းရှော့ပင်းတွေက တစ်စထက်တစ်စ ပိုမို ခေတ်စားလာပါတယ်။ ဒီလိုမျိုး အွန်လိုင်းရှော့ပင်းတွေ ခေတ်စားနေရခြင်းကလည်း မိုဘိုင်းဖုန်း ငွေချေခြင်းစနစ်တွေ ရှိလို့ပဲဖြစ်ပါတယ်။ အခုဆိုရင် ကိုယ်လိုချင်တာတွေကို တကူးတကကြီး သွားဝယ်နေစရာ မလိုတော့ပါဘူး။ အိမ်ကနေပဲ ခလုတ်ကလေး တစ်ချက်လောက် နှိပ်ပြီး ရှာလိုက်တာနဲ့ ကိုယ်လိုချင်တဲ့ ပစ္စည်းကို အွန်လိုင်းကနေ ပေးချေကာ ဝယ်ယူရရှိနိုင်ပါတယ်။
ကွီးတို့ရော ငွေသား တကိုင်ကိုင်နဲ့ ပိုက်ဆံအိတ်ချည်းကိုသာ အားကိုးနေတုန်းပဲလား။ မိုဘိုင်းလ်ဖုန်းဖြင့် ငွေချေကာ ကိုယ့်ရဲ့ နေ့စဥ်ဘဝကို ပိုမိုလွယ်ကူလျင်မြန်လာအောင် မလုပ်ချင်ကြဘူးလား။
Source: Plumpos
Featured Image: Freepik