ဝါသနာ နဲ့ အလုပ် ထပ်တူကျခြင်းဟာ ကံကောင်းခြင်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလို ကံကောင်းခြင်းမျိုးကို လူ ၁၀၀ မှာ ၁ ယောက် ရဖို့ အရမ်းကို ခက်ခဲပါတယ်။ လူအများစုဟာ အသက်ရှင်သန် နေထိုင်ရေး ၊ နေ့စဉ်စားဝတ်နေရေး ပြဿနာတွေကို ဦးစားပေးရတဲ့ ဘဝ အခြေအနေတွေကြောင့် တစ်ခါတစ်လေမှာ ဝါသနာ ကိုနောက်မှာ ထားပြီး ပိုက်ဆံ ရတဲ့ အလုပ်ကို ဦးစားပေး လုပ်ကိုင်ကြ ရပါတယ်။ ဘဝမှာ ကိုယ့်ရဲ့ ဝါသနာ ထက် အရေးကြီးတဲ့ အရာတွေကို ဦးစားပေးလုပ်ရင်း ရှင်သန်နေထိုင် ကြရာကနေ ဝါသနာတွေကို ချောင်ထိုးပြီး သင့်လျော်တဲ့ အလုပ်ခွင် ၊ နယ်ပယ်တွေမှာပဲ မပျော်လည်းလုပ် ပျော်လည်းလုပ်ရတဲ့ စက်ရုပ်ဆန်တဲ့ ဘဝမျိုးတွေကို ဖြတ်သန်းနေကြ ရသူတွေလည်း ဒုနဲ့ဒေးရှိပါတယ်။

တကယ်တော့ လက်တလော အခြေအနေမှာ ဝါသနာကို ဦးစားပေးဖို့ မလွယ်သေးရင်တောင်မှ ကိုယ့်ရဲ့ ဝါသနာကို လုံးလုံးလျားလျား မစွန့်လွှတ် လိုက်သင့်ပါဘူး။ တဖြည်းဖြည်း အချိန်ယူပြီး ဝါသနာ ပါတဲ့ အလုပ်ကို လုပ်ကိုင်နိုင်ဖို့ ကိုယ်တိုင် တည်ဆောက် သင့်ပါတယ်။ ဝါသနာ ဟာ ပိုက်ဆံထက် ပိုပြီး အရေးကြီးတယ်ဆိုတာ ကွီးတို့သိလာတဲ့ တစ်ချိန်မှာ နောင်တမရစေဖို့ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ ဘာကြောင့် ပိုက်ဆံ ထက် ဝါသနာ နောက် လိုက်သင့်လဲဆိုတဲ့ အကြောင်းအရင်း လေးတွေကို မျှဝေပေး ချင်ပါတယ်။

(၁) ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ပတ်သတ်ပြီး ပိုကောင်းတဲ့ ခံစားမှုမျိုး ခံစားရမယ်

Photo : LinkedIn

ကိုယ် ဝါသနာမပါတဲ့ အလုပ်တစ်ခုကို သွားဖို့ မနက်တိုင်း အိပ်ရာနိုးထ ရတာလောက် ဆိုးရွားတဲ့ ခံစားချက်မျိုး မရှိနိုင်ပါဘူး။ ကွီး တို့အနေနဲ့ ဝါသနာပေါ် အရင်းခံတဲ့ အလုပ်ကို ရွေးချယ်ထား မယ်ဆိုရင်တော့ အလုပ်ကို အလုပ်တစ်ခုလို ခံစားမနေရတော့ပဲ အချိန်တိုင်း ပိုကောင်းတဲ့ ခံစားမှုတွေနဲ့ အလုပ်ချိန်တော်တော်များများမှာ ပျော်ရွှင်တက်ကြွနေမှာ ဖြစ်ပါတယ်။ ဝါသနာပါတဲ့ အလုပ်တစ်ခုဟာ လက်တလောမှာ ဝင်ငွေအားဖြင့် နည်းချင်နည်းနေ ပါလိမ့်မယ်။ ဒါပေမယ့် စိတ်ချမ်းသာမှုနဲ့ ယှဉ်ရင်တော့ ဝါသနာ ကိုအရင်းခံတဲ့အလုပ်က ကွီးတို့အတွက် ဆုလာဒ်တစ်ခုလို ခံစားရစေမှာ ဖြစ်ပါတယ်။

(၂) ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းတွေကို လှုံ့ဆော်ပေးပါ လိမ့်မယ်

Photo : Unsplash

ဝါသနာ မပါတဲ့ အလုပ်တစ်ခုကို ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် ဖိအားပေး ခိုင်းစေနေခြင်းဟာ ကွီးတို့အတွက် နှစ်ဆပိုပြီး ပင်ပန်းမှုကို ဖြစ်စေပါတယ်။ ဘယ်အလုပ်မဆို ပင်ပန်းတယ်လို့ ခံစားရတဲ့ အချိန်တွေ ရှိပေမယ့် ဝါသနာ ပါတဲ့အလုပ်ကို လုပ်ကိုင်နေရချိန်မှာတော့ အလုပ်အပေါ် စိတ်အားထက်သန်မှု အပြည့်နဲ့ ပင်ပန်းတယ်လို့ သိပ်ပြီး မခံစားရတော့ဘဲ တက်ကြွနေမှာ ဖြစ်ပါတယ်။ အလုပ်မှာ ပျော်ရွှင်ပြီး စိတ်ဝင်တစားရှိနေခြင်းဟာ ကွီးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စိတ်ကူးစိတ်သန်းကောင်းတွေကို  လှုံဆောင်ပေးနိုင်ရုံသာမက လုပ်ငန်းစွမ်းဆောင်ရည်ကိုလည်း တိုးတက်လာစေမှာ ဖြစ်ပါတယ်။

(၃) စိတ်ဖိစီးမှု ပိုနည်းစေမယ်

Photo : GoodRx

ပိုက်ဆံ တစ်ခုကြောင့် ကိုယ်သိပ်ပြီး စိတ်အားထက်သန်မှုမရှိတဲ့ အလုပ်တစ်ခုကို အချိန်များစွာပေးပြီး လုပ်ကိုင်ရတဲ့အခါ သာမန်ထက် ပိုပြီး ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် အနေနဲ့ကတော့ ဝါသနာ ဆိုတာဟာ စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုကို ဖြေဖျောက်ပေး နိုင်စွမ်းရှိတဲ့ အကောင်းဆုံး အရာတစ်ခု ဖြစ်ပါတယ်။ ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရပြီဆိုရင် အချိန်ကုန်လို့ ကုန်မှန်းမသိ ၊ ထမင်းမေ့ ဟင်းမေ့ ဖြစ်ရတဲ့အထိ စိတ်ဖိစီးမှု ကင်းစွာ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

(၄) အတားအဆီး အားလုံးကို ကျော်လွှားနိုင်မယ်

Photo : Mango Solutions

ဝါသနာပါတဲ့ အလုပ်တစ်ခုကို လုပ်ကိုင်နေချိန်မှာ ဘယ်လို အခက်အခဲအတားအဆီးတွေပဲ ရှိလာပါစေ ကျော်လွှားနိုင်စွမ်းရှိပြီး အလုပ်ပြီး မြောက်အောင်မြင်ဖို့ ဘယ်လိုအရာတွေကမှ တားဆီးဟန့်တားနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုအပေါ် စိတ်အားထက်သန်မှု အပြည့်ရှိတဲ့အတွက် ပြဿနာတစ်စုံတစ်ရာ ရှိလာပါကလည်း ပြဿနာတိုင်းအတွက် အဖြေကိုရအောင် ရှာဖွေပြီး ကိုယ့်ကိုရပ်တန့်စေမယ့် အရာမှန်သမျှကို ကျော်လွှားဖို့ ခွန်အားတွေ အပြည့်ရှိနေမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဝါသနာကို အရင်းခံပြီး အလုပ်လုပ်ကိုင်နေကြသူ အများစုဟာ ဘယ်လိုအဟန့်အတား ပိတ်ဆို့မှုမျိုးနဲ့ ကြုံရ ကြုံရ လွယ်လွယ် လက်မလျော့ပဲ ရင်ဆိုင်ကျော်လွှား နိုင်ကြတာ ဖြစ်ပါတယ်။ ကိုယ်လျောက်နေတဲ့ လမ်းကြောင်းပေါ်က အတားအဆီးတွေကို ဖယ်ရှားပြီး အကောင်းဆုံး ရှေ့ဆက်ဖို့ ဆိုတာ စိတ်အားထက်သန်မှုအပြည့်ရှိတဲ့ ဝါသနာပါတဲ့ အလုပ်မျိုး ဖြစ်နေမှာသာ ရနိုင်မှာ ဖြစ်ပါတယ်။ ဝါသနာပါတဲ့ အလုပ်ကို ရွေးချယ် လုပ်ကိုင်ခြင်းဟာ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ဖန်တီးနိုင်ဖို့ အခြေခံ အုတ်မြစ် တစ်ခုပဲ ဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ လက်ရှိမှာ ကိုယ့် ဝါသနာထက် ရှေ့တန်းတင်ရမယ့် အရာတွေရှိ နေသေးတယ်ဆိုရင် ဝါသနာကို လုံးဝ လျစ်လျူရှု့ လိုက်တာမျိုး မလုပ်ပဲ အခွင့်အရေး ရရင် ရသလို ဝါသနာအတွက် အချိန်ပေးတာ ၊ ရင်းနှီးမြုပ်နှံတာတွေ လုပ်သွားပါ။ ပိုက်ဆံ ထက် ဝါသနာ‌ နောက်လိုက်တယ် ဆိုတာ ကွီးတို့ကို ဘယ်တော့ နောင်တမရစေမယ့် ရွေးချယ်မှု တစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : Unsplash