ဘာစီလိုနာ ကစားသမား အူစမာနီ ဒမ်ဘီလီ က ပီအက်စ်ဂျီ အသင်းရဲ့ တစ်ပတ်လုပ်ခ ပေါင်၂၇၀၀၀၀ နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုကြောင့် နူးကမ့်ကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ စပိန်သတင်းတွေအရ သိရပါတယ်။
ပြင်သစ်တောင်ပံ ကစားသမားဟာ ယခုရာသီအကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့မှာ စပိန်ပြင်ပကလပ်တွေကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာနိုင်မှာဖြစ်ကာ ချဲလ်ဆီးအသင်းကလည်း ၎င်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
Photo : PSG Talk
ဒါပေမယ့် SPORT ဂျာနယ်လစ် တိုနီ ရဲ့ ပြောကြားချက်အရ ပြင်သစ်ဘီလူးကြီး ပီအက်စ်ဂျီအသင်းက ပြင်သစ်မြို့တော်ကို ပြောင်းရွှေ့ဖို့အတွက် တစ်နှစ်လုပ်ခ ပေါင် ၁၄ သန်းတန် စာချုပ်နဲ့ ကမ်းလှမ်းထားပြီး သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့ အချိန် ရက် ၂၀ ပဲ နောက်ဆုံးထား သတ်မှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
တိုနီရဲ့ တွစ်တာပေါ်က ရေသားမှုကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုလိုက်မယ်ဆိုရင် ” ပြီးခဲ့တဲ့ ရက်တွေက ဒမ်ဘီလီ ဟာ ပီအက်စ်ဂျီ အသင်း ထံကနေ တစ်နှစ်လုပ်ခ ယူရို ၁၇ သန်းအပါအဝင် လက်မှတ်ထိုး အပိုဆုကြေးပါ ရရှိမယ့် ကမ်းလှမ်းချက်တစ်ခု ရခဲ့ပါတယ် ”
” ပီအက်စ်ဂျီက အကြောင်းပြန်မှု တစ်စုံတစ်ရာမရခဲ့တဲ့အတွက် ပြင်သစ်သားကို ပြောင်းဖြစ် မပြောင်းဖြစ် အဖြေပေးဖို့ တိုက်တွန်းထားပါတယ် ၊ ရက် ၂၀ အတွင်းမှာတော့ အဖြေတစ်ခု တိတိကျကျ သိရမှာပါ ၊ ဒမ်ဘီလီကတော့ ဘာစီလိုနာအသင်းရဲ့ နောက်ဆုံးကမ်းလှမ်းချက်ကို ဦးစားပေး စောင့်ဆိုင်းနေပါတယ်” လို့ ဆိုပါတယ်။
ဒမ်ဘီလီဟာ ရာသီအတော်ကြာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် အသင်းကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုဖို့ ပြောဆိုမှုများရှိခဲ့ပြီး အသက် ၂၄ နှစ်အရွယ် ကစားသမားကတော့ နိုဝင်ဘာလက အသင်းကို ရောက်ရှိလာခဲ့တဲ့ နည်းပြသစ် ဇာဗီရဲ့လက်အောက်မှာ အခွင့်အရေးတွေ ပြန်လည်ရရှိလာမှုနဲ့အတူ ပျော်ရွင်နေတာ ဖြစ်ပါတယ်။
Photo : Barca Blaugranes
ကြာသပတေးနေ့က အဆိုပါ ပြင်သစ်လက်ရွေးစင် ကစားသမားဟာ နူးကမ့်မှာဆက်နေဖို့ ၎င်းရဲ့ လုပ်ခလစာ တောင်းဆိုမှုတွေကို လျော့ချဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး အာဆင်နယ်ကနေ တိုက်စစ်မှူး အူဘာမီယန်း ရောက်ရှိလာတာက သူ့ကို အသင်းမှာ ဆက်နေလိုစေတဲ့ အကြောင်းအရင်း တစ်ရပ်ဖြစ်တယ်လို့ ယူဆရပါတယ်။
ဒါပေမယ့် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုနဲ့ ဆစ်ဆိုကိုရဲ့ အေးဂျင့်တွေရဲ့ တောင်းဆိုမှုတွေကြားမှာ အကြောင်းကိစ္စတွေက ကျန်ရှိနေသေးတာကြောင့် ကြီးမာတဲ့လစာငွေနဲ့ ပဲရစ်ကို သွားဖို့အတွက်ကို ခြေဦးမလှည့်နိုင်သေးပါဘူး။
ကတ္တလန် ကလပ်ကတော့ ဒမ်ဘီလီကို ကမ်းလှမ်းဖို့အတွက် သူတို့ တက်နိုင်တဲ့ အတိုင်းအတာအထိ အကောင်းဆုံး လုပ်ဆောင်နေတယ်လို့ ဆိုထားပြီး သူ့တို့ရဲ့ နောက်ဆုံးကမ်းလှမ်းမှုမတိုင်မီ အသင်းမှာ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေလည်း ရှိနေတာဖြစ်ပါတယ်။
Featured Photo : Daily Mail