ဘာစီလိုနာ အသင်းတာဝန်ရှိသူတွေဟာ Spotify နဲ့ ချုပ်ဆိုထားတဲ့ တစ်နှစ်ကို ပေါင် ၅၈ သန်း ရရှိမယ့် စပွန်ဆာသဘောတူညီမှုအသစ်က ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေကို ခေါ်ယူနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

Kylian Mbappe

Photo: L’Equipe

ပြင်သစ်တိုက်စစ်မှူးဟာ ယခုရာသီကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတာနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာဖြစ်ပြီး လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။ အန်ဆယ်လော့တီရဲ့အသင်းဟာ ပြင်သစ်တိုက်စစ်မှူးကို အလွန်နှစ်သက်သူဖြစ်တာကြောင့် ပြီးခဲ့တဲ့နွေရာသီတုန်းက ကြီးမားတဲ့ ကမ်းလှမ်းမှု ၂ ကြိမ်အထိ ပြုလုပ်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဇာဗီဟာ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားသွားဖို့ရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အစီအစဉ်တွေဟာ ဖျက်ဆီးခံရဖွယ် ရှိနေတာဖြစ်ပါတယ်။ ပြင်သစ်သတင်းဌာန L’Equipe ရဲ့သတင်းအရ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းမကုန်ဆုံးမီမှာ ဘာစီလိုနာအသင်းရဲ့ ကြိုးပမ်းလာမှုကို ဝမ်းမြောက်ဝမ်းသာ လက်ခံချင်စိတ်ရှိနေတယ်လို့ သိရပြီး မိုနာကိုကြယ်ပွင့်ဟောင်းဟာ လစာပမာဏထက် အလားအလာရှိတဲ့ အားကစားစီမံကိန်းတွေကို ပိုပြီးစိတ်ဝင်စားသူလို့ နားလည်ရပါတယ်။

Barcelona Coach Xavi Hernandez

Photo: Daily Star

ဇာဗီရဲ့အသင်းဟာ ၎င်းတို့ရဲ့ အခြားပစ်မှတ်ဖြစ်တဲ့ အာလင်း ဟာလန်းထက် ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူတာက ပိုပြီးတော့ တွက်ခြေကိုက်မယ်လို့ ယူဆထားတာကြောင့် အမ်ဘာပေကို ခေါ်ယူမယ့် ပြိုင်ပွဲထဲကို ဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။ အာလင်း ဟာလန်းကို စာချုပ်လျော်ကြေး ပေါင် ၆၂ သန်းနဲ့ ရရှိနိုင်မှာဖြစ်ပေမယ့်လည်း ၎င်းရဲ့ လစာပမာဏနဲ့ အေးဂျင့်ခတွေ ပေါင်းလိုက်မယ်ဆိုရင် သဘောတူညီမှုဟာ ပေါင်သန်း ၂၅၀ အထိ ကြောက်မက်ဖွယ် မြင့်တက်သွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အမ်ဘာပေကလည်း ကြီးမားတဲ့ လစာပမာဏ တောင်းဆိုမှာဖြစ်ပေမယ့်လည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး ဟာလန်းလောက် ငွေကုန်ကြေးကျများမှာမဟုတ်တာကြောင့် အပြောင်းအရွှေ့စျေးကွက် ၂ ခုဆက်တိုက် ငွေကြေးသုံးစွဲမှု ကန့်သတ်ထားခဲ့တဲ့ ဘာစီလိုနာအတွက် တတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဘာစီလိုနာအသင်းဟာ Goldman Sachs ရင်းနှီးမြှုပ်နှံမှုဘဏ်ကနေ ချေးငွေ ပေါင် ၄၉၇ သန်းနဲ့ Spotify နဲ့ ချုပ်ဆိုခဲ့တဲ့ ကြီးမားတဲ့စပွန်ဆာသဘောတူညီမှုကြောင့် ဒီလာမယ့်နွေရာသီမှာ ငွေကြေးဖောဖောသီသီ သုံးစွဲသွားနိုင်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

Featured Photo: Daily Star