ပုရိသ တို့ အသက်ရှူသွင်းလိုက်တိုင်းမှာ ပုရိသတို့ရဲ့ အဆုတ် သည် အလုပ်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ရပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကိုဗစ်ကြောင့် လူသားတွေရဲ့ အဆုတ် ကျန်းမာရေးသည် တဖြည်းဖြည်း အားနည်းလာကြပါတယ်။ ကိုဗစ်လှိုင်းကို မျိုးစုံ လူးလဲခံရပြီးနောက်မှာတော့ အဆုတ်ကို ပြန်လည်အားကောင်းအောင် ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။ နို့မဟုတ်ရင် အဆုတ်က တဖြည်းဖြည်း အားနည်းလာပြီး အသက်အန္တရာယ်ကိုတောင် ထိခိုက်လာနိုင်ပါတယ်။
ပုရိသ တို့အနေနဲ့ ကိုယ့်ရဲ့ အဆုတ် ကျန်းမာရေးကို အားကောင်းစေချင်တယ်ဆိုရင် ရှောင်ကြဉ်ရမယ့်အချက်များ၊ လိုက်နာရမယ့်အချက်များရှိပါတယ်။ ထိုအချက်များကို လိုက်နာနိုင်မှသာ အဆုတ်လည်း ကျန်းမာပြီး အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေထိုင်နိုင်မှာဖြစ်ပါတယ်။
ဆေးလိပ် မသောက်ပါနှင့်
အဆုတ်နဲ့ ပတ်သက်လာရင်တော့ ဆေးလိပ်သည် အကြီးမားဆုံး ရန်သူပဲဖြစ်ပါတယ်။ သင် ရှူသွင်းလိုက်တဲ့ ဆေးလိပ်ငွေ့ထဲမှာ အဆုတ်ကို ပျက်စီးစေနိုင်တဲ့ အန္တရာယ်ရှိသော ဓာတုဒြပ်ပေါင်းများ ပါဝင်ပါတယ်။ ကိုယ်ကိုယ်တိုင်က ဆေးလိပ် သောက်တာပဲဖြစ်စေ၊ ကိုယ့် ပတ်ဝန်းကျင်က ဆေးလိပ်ငွေ့များကို ရှုရှိုက်မိသည်ပဲဖြစ်စေ အန္တရာယ်ရှိပါတယ်။ အဆုတ်ကင်ဆာရောဂါကို မခံစားချင်ဘူးဆိုရင်တော့ ဆေးလိပ် ဖြတ်လိုက်တာ အကောင်းဆုံးပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပါ
လှုပ်လှုပ်ရှားရှား နေထိုင်ခြင်းသည် ပုရိသ တို့ရဲ့ အဆုတ် ကို ပိုမိုသန်မာလာအောင် ကူညီပေးပါတယ်။ တစ်ပတ်လျှင် ၁၅၀ မိနစ်ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးပါက အဆုတ်အတွက် အကောင်းဆုံးပဲဖြစ်ပါတယ်။ ဘယ်လေ့ကျင့်ခန်း ပြုလုပ်ရမယ်မှန်း မသိရင်တော့ လမ်းလျှောက်ပါ။ တစ်နေ့လျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်းသည် အဆုတ်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါတယ်။
အာဟာရများ ပြည့်ဝ စုံလင်အောင် စားသုံးပါ
ဘယ်ရီသီးများ၊ ပန်းသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ခရမ်းချဥ်သီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ အနီရောင်နှင့် အစိမ်းရောင် ငရုတ်ပွများ၊ ပေါင်မုန့်၊ အာလူး၊ အစေ့အဆံများ၊ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ကြက်သား၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ကျန်းမာရေးနှင့် ညီညွှတ်တဲ့ အဆီဓာတ်ဖြစ်တဲ့ သံလွင်ဆီ အစရှိသည်တို့ကို မှီဝဲ စားသုံးသင့်ပါတယ်။
ကာကွယ်ဆေးထိုးပါ
Photo: Epilepsyfoundation
ကိုဗစ်အန္တရာယ်ကနေ ကာကွယ်ဖို့ရန်အတွက် ကိုဗစ်ကာကွယ်ဆေးကတော့ မဖြစ်မနေ ထိုးထားသင့်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးသည် အဆုတ် ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ပြင်ပမှ ရောဂါပိုးမွှားများ ဝင်ရောက်လာတဲ့အခါမှာလည်း တိုက်ထုတ်နိုင်အောင် ကာကွယ်ပေးပါတယ်။
မိမိအိမ်တွင်းရှိ လေကို သန့်ရှင်းအောင် ထားပါ
အိမ်ထဲမှာ ဖုန်မှုန့်များ ရှိနေမယ်ဆိုရင် သင့် ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါ့အပြင် သင့်ရဲ့ ကား (သို့) အိမ်ထဲမှာ တစ်စုံတစ်ယောက်က ဆေးလိပ် သောက်တာမျိုး မရှိအောင် တားမြစ်ထားသင့်ပါတယ်။ ကိုယ့်ရဲ့ အိမ်တွင်းရှိ လေက သန့်ရှင်းပြီး လတ်ဆတ်တဲ့ လေကောင်းလေသန့်ကို ရှူရှိုက်နိုင်မှသာလျှင် ကျန်းမာကြံ့ခိုင်တဲ့ အဆုတ်ကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။
Source: Optum
Featured Image: Freepik