Honor ကနေ ယခုအပတ်အစောပိုင်းအတွင်း တရုတ်နိုင်ငံမှာ Pad X8 Pro ကို မိတ်ဆက်သွားခဲ့ပြီး အခုအခါ အလားတူ တက်ဘလက်ကိုပဲ နာမည်အသစ်နဲ့ ဥရောပမှာ ဖြန့်ချီလိုက်ပါတယ်။ ဒါကိုတော့ Honor Pad X9 လို့ နာမည်ပေးထားပါတယ်။

Honor Pad X9 တက်ဘလက်ကို လှပသေသပ်တဲ့ အပြောင်မြောက်ဆုံး လက်ရာဒီဇိုင်းနဲ့ တည်ဆောက်ထားပြီး Multimedia အတွက်လို့ ဆိုထားပါတယ်။ ၎င်းမှာ 100% sRGB လွှမ်းခြုံနိုင်တဲ့ ကြီးမားကျယ်ပြန့်တဲ့ 11.5″ IPS LCD ပါရှိပါတယ်။ မျက်နှာပြင်က 2,000 x 1,200px Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။

Honor Pad X9

Photo : GSMArena.com

Honor Pad X9 တက်ဘလက်မှာ စုစုပေါင်း စပီကာ ၆ လုံးပါရှိပြီး ဘယ်ညာ ၁ လုံးစီနဲ့ အောက်ဘက်မှာ ၂ လုံးစီ တပ်ဆင်ထားပါတယ်။ အောက်ခြေ စပီကာတွေကတော့ 360° အသံစနစ်ကို ဖန်တီးနိုင်ဖို့ Honor Histen နည်းပညာကို အသုံးပြုထားပါတယ်။

တက်ဘလက်ကို Snapdragon 685 Chipset မောင်းနှင်ထားပြီး MagicOS 7.1 (Android 13) ကို သုံးပေးထားပါတယ်။ Google Kids Space နဲ့ Family Link အက်ပ်ကို ထောက်ပံ့ပေးထားတဲ့အတွက် မိဘတွေအနေနဲ့ ကလေးငယ်တွေကို တက်ဘလက် ပေးသုံးတဲ့အခါမှာ Screen Time နဲ့ Content တွေကို လိုသလို ကန့်သတ်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ အခြား Honor Devices တွေရှိပါကလည်း Honor Connect ကနေတဆင့် Notifications တွေမျှဝေတာ ၊ ဖိုင်ပို့တာတွေ အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

တက်ဘလက်က ၆.၉ မီလီမီတာ အထူရှိပြီး အလေးချိန် ၄၉၅ ဂရမ် ရှိတဲ့ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ ဘက်ထရီအနေနဲ့ကတော့ 7,250mAh ဘက်ထရီ ပါရှိပါတယ်။ Honor Pad X9 ကို လက်ရှိမှာ Wi-Fi ၊ 4GB RAM / 128GB Storage မော်ဒယ်တစ်မျိုးတည်းသာ ထုတ်ထားပြီး ယူရို ၂၅၀ / ပေါင် ၁၈၀ ဝန်းကျင်ခန့် ဈေးနှုန်းရှိပါတယ်။ အခုလက်ရှိမှာတော့ ဂျာမနီမှာ ဝယ်ယူလို့ရနေပြီဖြစ်ပြီး လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ HiHonor အွန်လိုင်းစတိုးကနေတဆင့် ယူကေမှာ ရောင်းချမယ်လို့ သိရပါတယ်။ ဇူလိုင်လ မကုန်ခင်အထိ ဝယ်ယူပါက UK စတိုးကနေ Honor Earbuds X5 (ပေါင် ၄၀ တန်) အခမဲ့လက်ဆောင် ထည့်ပေးမယ်လို့လည်း ဆိုထားပါတယ်။ တက်ဘလက်ကို Amazon ၊ Argos ၊ Very နဲ့ Currys တို့ကနေလည်း ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Honor Pad X9

Photo : GSMArena.com

တရုတ်မှာရောင်းချခဲ့တဲ့ Honor Pad X8 နဲ့ နှိုင်းယှဉ်မယ်ဆိုပါက Pad X8 ဟာ အနည်းငယ်ပိုသေးပြီး 11.5″ 60Hz Display ၊ 1,920 x 1,200px ၊ ပိုသေးတဲ့ 5,100mAh ၊ MediaTek MT8786 Chipset နဲ့ Stereo စပီကာတွေသာ ပါဝင်တာ ဖြပြီး 4GB RAM / 64GB Storage ကို ယူရို ၁၈၀ / ပေါင် ၁၄၀ ဝန်းကျင်ခန့်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။

Featured Photo : GSMArena.com