တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ ရုံးအလုပ် ၊ အိမ်အလုပ်တွေနဲ့ နေ့စဉ်ဘဝထဲက တာဝန်ဝတ္တရားတွေကြောင့် စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားကြရပြီး လိင်မှုကိစ္စအပေါ်မှာ စိတ်အားထက်သန်မှု နည်းတက်ကြပါတယ်။ သင်နဲ့ သင့်ချစ်သူပါတနာကြား ပျော်ရွှင်ကြည်နူးဖွယ်ဆက်ဆံရေးဖို့ တည်ဆောက်နိုင်ဖို့ဆိုရင် စိတ်ကျေနပ်ဖို့ကောင်းတဲ့ လိင်မှုဘဝဟာလည်း တစ်ထောင့်တစ်နေရာကနေ အရေးပါတယ်လို့ ပြောရမှာပါ။ ယေဘုယျအားဖြင့်တော့ ကောင်းမွန်မျှတတဲ့ ချစ်တင်းနှောမှုဟာ လူနှစ်ဦးကြား ပိုမိုကောင်းမွန်တဲ့ ရင်းနှီးမှု ၊ ယုံကြည်မှုတည်ဆောက်မှုနဲ့ ဆက်ဆံရေးအတွင်းက ပဋိပက္ခဖြေရှင်းမှုတွေနဲ့ပါ ဆက်စပ်နေပါတယ်။ ဒီတစ်ခေါက်တော့ ဖိအားများပြီး ပင်ပန်းရတဲ့ နေ့တွေမှာပင် သင့်ပါတနာနဲ့ အကောင်းမွန်ဆုံး ချစ်တင်းနှော နိုင်ဖို့ အကြံပြုချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) စိတ်ဖိစီးမှု တက်နိုင်သမျှ လျှော့ချပါ
Photo : FastandUp
ချစ်တင်းနှော ဖို့လုပ်ငန်းမစခင်မှာကတည်းက ကွီးတို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်က တင်းကြပ်မှုတွေ ၊ ဖိအားတွေကို ပြေလျှော့သက်သာသွားအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် ရေနွေးနွေးလေးနဲ့ ရေချိုးတာ ၊ နာရီဝက်လောက် ယောဂကျင့်တာ ဒါမှမဟုတ် ၁၅ မိနစ်လောက် တရားထိုင်တာ စသည်ဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ဒီအလေ့အထတွေဟာ စိတ်နဲ့ ခန္ဓာကိုယ်ရဲ့ ဖိအားတွေကို ပြေလျှော့သက်သာစေပြီး ချစ်တင်းနှော ဖို့အတွက် စိတ်အားထက်သန်မှုနဲ့ နိုးကြားတက်ကြွမှုတွေကို လှုံ့ဆော်ပေးပါလိမ့်မယ်။
(၂) ပါတနာနဲ့ စကားပြောပါ
Photo : Pexels
Communication ဟာ စုံတွဲတွေကြားမှာ အဓိက အရေးပါတဲ့ သော့တစ်ချောင်းပါ။ သင်နဲ့ သင့်ပါတနာကြားမှာ ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆက်ဆံမှု ရှိမှသာ ပိုမိုနက်ရှိုင်းပြီး ရင်ဘတ်ချင်းနီးတဲ့ ဆက်သွယ်မှုတစ်ခုကို တည်ဆောက်နိုင်မှာပါ။ ဒါကြောင့် နှစ်ဦးသားရဲ့ စိတ်ခံစားချက်တွေ ၊ လိုအင်ဆန္ဒတွေကို အချင်းချင်း ပွင့်လင်းစွာ ပြောဆိုဖလှယ်ပြီး ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝကို ဖန်တီးနိုင်ပါတယ်။
(၃) ခန္ဓာကိုယ်ကို အားဖြည့်ပါ
Photo : The Adventure Challenge
စိတ်နဲ့ ခန္ဓာကိုယ်ရဲ့ တင်းကြပ်မှု ဖိအားတွေကို ပြေလျှော့သက်အောင် လုပ်ဆောင်ပြီးပြီဆိုရင် ခန္ဓာကိုယ်ကို စွမ်းအင်ဖြည့်တင်းပေးဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ချစ်တင်းမနှောခင်မှာ အားအင်ပြည့်ဝပြီး စိတ်အားတက်ကြွမှုကို လှုံ့ဆော်ပေးမယ့် အာဟာရရှိတဲ့ အစားအသောက်တွေ စားပေးပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်ဖြည့်တင်းဖို့ကလည်း အရေးကြီးပါတယ်။ ဗိုက်တင်းနေအောင် မစားမိဖို့တော့ သတိပြုစေချင်ပါတယ်။
(၄) ဖိုးပလေးအတွက် အချိန်ပေးပါ
Photo : Men’s Journal
ချစ်သူနှစ်ဦးသား စိတ်အားတက်ကြွမှုနဲ့ ထက်သန်တဲ့ ခံစားချက်တွေကို ဖြစ်ပေါ်လာစေဖို့ ကြိုတင်နှိုးဆွမှု အပိုင်းဟာ အရေးကြီးပါတယ်။ Foreplay အတွက် အချိန်ပေးပြီး လုပ်ဆောင်တာဟာ နှစ်ဦးသားရဲ့ ရင်ခုန်ခြင်း ချစ်ခြင်းသံစဉ်တွေကို ပိုမိုနှိုးဆွပေးနိုင်မှာဖြစ်သလို စိတ်အေးလက်အေးနဲ့ ဖိအားကင်းကင်း ပျော်ရွှင်စွာ နှစ်ပါးသွားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
(၅) ကိုယ့်ကိုယ်ကိုယ် အသိမှတ်ပြုပါ
Photo : Casper
တခါတရံမှာ ချစ်တင်းနှော လိုစိတ် လုံးဝပျောက်ဆုံးနေတက်ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင့်ပါတနာအနေနဲ့လည်း ထိုနည်းတူစွာ ခံစားရတဲ့ အချိန်တွေ ရှိမှာပါ။ ဒါကြောင့် နှစ်ဦးသားရဲ့ လိုအပ်ချက်တွေနဲ့ စိတ်ခံစားမှုတွေကို အသိအမှတ်ပြုပါ။ သင့်ကိုယ်သင်ရော သင့်ပါတနာကိုပါ အတင်းအကျပ် ဖိအားပေးတာမျိုးမလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် အသိမှတ်ပြုပြီး အကောင်းဆုံး ခံစားရတာကိုပဲ လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။
Featured Photo : Marion Gluck Clinic