ကွီးတို့ရေ သက်ရှိလူသားတိုင်းဟာ ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်လိုကြပါတယ်။ ဒါကြောင့် သိတတ်နားလည်တဲ့အချိန်ကစပြီး ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားကြပါတယ်။ အချို့လည်း ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ကြပြီး အချို့ကျတော့လည်း မပိုင်ဆိုင်နိုင်ကြပါဘူး။ ဒါဆိုရင် ကွီးတို့ရဲ့ ဘ၀မှာ ပျော်ရွှင်မှုကို ဘယ်လိုတွေ့ရှိနိုင်မလဲ။ ပျော်ရွှင်မှုဘဝကိုရဖို့ အလေ့ အကျင့်ကောင်းတွေ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် ကွီးတို့အနေနဲ့ အခြေခံအချက်ကို ပြန်လည် သတ်မှတ်ရန် လိုအပ်ပါတယ်။ နေ့ချင်းညချင်း ဖြစ်မလာပေမဲ့ ပိုပျော်ရွှင်တဲ့ ဘဝနေထိုင်မှုရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေပြီး နေ့စဉ်လုပ်ဆောင်ခြင်းဖြင့် ပိုမို ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၁) အပြုသဘောဆောင်သောတွေးခေါ်မှုကို အာရုံစိုက်ပါ

Photo : Freepik
ပိုမို ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကျင့်သုံးရမဲ့ လျှို့ဝှက်ချက်တွေ ထဲမှာ အရေးပါတဲ့ အချက်တစ်ခုကတော့ အပြုသဘောဆောင်သောတွေးခေါ်မှုကို ပိုပြီးအာရုံစိုက်ဖို့ပါပဲ။ တစ်နည်းအားဖြင့် အကောင်းမြင်စိတ်ထားရှိခြင်း ဖြစ်ပါတယ်။ အပြုသဘောဆောင်သောတွေးခေါ်မှုက ဘဝ၏ အပြုသဘောဆောင်သောအခြမ်းကို အာရုံစိုက်ကာ ကောင်းသောရလဒ်များကို မျှော်လင့်တဲ့ စိတ်နှင့်စိတ်ခံစားမှု အခြေအနေတစ်ခုဖြစ်ပါတယ်။ အကောင်းမြင်တွေးခေါ်ခြင်းသည် ကွီးရဲ့ စိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အတွင်းစိတ်ငြိမ်းချမ်းမှု၊ အောင်မြင်မှု၊ တိုးတက်သောဆက်ဆံရေး၊ ပိုမိုကောင်းမွန်သော ကျန်းမာရေး၊ ပျော်ရွှင်မှုနှင့် ကျေနပ်မှုကို ယူဆောင်လာပါလိမ့်မယ်။
(၂)သေးငယ်တဲ့ အောင်မြင်မှုဘဲဖြစ်ဖြစ် ဂုဏ်ယူလိုက်ပါ

Photo : The Telegraph
ကွီးတို့ရေ ဘဝဆိုတာ အတက်အကျတွေနဲ့ ပြည့်နှက်နေပါတယ်။ တစ်ခါတစ်လေ ဘဝမှာ ကွီးတို့ သတိမပြုမိတဲ့ အောင်မြင်မှု အသေးလေးတွေ အများကြီး ရှိနေပါတယ်။ ဒီလို အောင်ပွဲလေးတွေအတွက် ပျော်ရွှင်လိုက်ပါ။ သေးငယ်သောအောင်မြင်မှုက ကွီးရဲ့ စိုးရိမ်စိတ်ကို လျော့ကျစေပြီး ကြိုးစားလျှင် အောင်မြင်မယ်ဆိုတဲ့ ခွန်အားကို ဖြစ်စေပါတယ်။ ကွီးတို့စိတ်ကိုလည်း ထိုအောင်မြင်မှုလေးတွေ ပျော်ရွှင်စေပါတယ်။
(၃) ကွီးရဲ့ အလုပ်နဲ့ ဘဝ ဟန်ချက်ညီမှုကို ရှာဖွေပါ

Photo : Construction Executive
ကွီးတို့ရေ အလုပ်လုပ်တဲ့နေရာမှာ တစ်နေ့တာ အချိန်များစွာကြာအောင် လုပ်တာလည်း မကောင်းပါဘူး။ လှုပ်ရှားမှုများနှင့် စိတ်ဝင်စားမှုများကလည်း အရေးကြီးပါတယ်။ ဒီအလုပ်မှာ တကယ်ဝါသနာ ပါပါသလား။ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဖို့အချိန်ရသလား။ လေ့ကျင့်ခန်းလုပ်နေတာလား။ အကျိုးနည်းတဲ့ အလုပ်တွေနဲ့ ပိနေတာလား စတဲ့ ဘဝမှာ ဟန်ချက်ညီအောင်ဖန်တီးခြင်းကလည်း စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ကွီးကို ပျော်ရွှင်စေတဲ့အပြင် အခြားထွက်ပေါက်များကို ပေးစွမ်းနိုင်ပါတယ်။
(၄) စိတ်အာရုံကို စူးစိုက်နိုင်အောင် လေ့ကျင့်ပါ

Photo : SmartTurns
အာရုံစူးစိုက်ခြင်း တနည်း သတိပဋ္ဌာန်ဆိုတာ စိတ်အာရုံကို တစ်နေရာထဲမှာ ရှိအောင်လုပ်ခြင်းပါ။ တနည်း သတိရှိရှိနဲ့ အလုပ်လုပ်ခြင်းကို ဆိုပါတယ်။ ပစ္စုပ္ပန်ကို သတိနှင့် စူးစိုက်ခြင်းဖြင့် ခန္ဓာကိုယ်နှင့် စိတ်ကို ပြေလျော့စေပြီး စိတ်ဖိစီးမှု၊ အလုပ်အပေါ် အာရုံမစိုက်နိုင်မှုတွေကို လျော့ကျစေပါတယ်။ အမှန် တရားကို သိမြင်နိုင်ပြီး ကွီးကိုယ်ကို ငြိမ်းချမ်းမှုနှင့် ခိုင်ခံ့မှုကို တည်ဆောက်နိုင်ပါတယ်။ အာရုံစူးစိုက်မှု ရှိခြင်းက စိတ်ကို တည်ငြိမ်စေပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ဖန်တီးပေးဖို့ သော့ချက် ဖြစ်ရုံသာမက ပိုမိုကောင်းမွန်သော ခေါင်းဆောင်တစ်ဦး ဖြစ်ဖို့ အထောက်အကူပြုပါတယ်။
(၅) တီထွင်ကြံဆပါ

Photo : Verywell Mind
လေ့လာတွေ့ရှိချက်တွေအရ တီထွင်ဖန်တီးမှုဆိုင်ရာ လှုပ်ရှားမှုများမှာ ပုံမှန်ပါဝင်ခြင်းက ပိုမိုပျော်ရွှင်သောစိတ်ထားကို မွေးမြူရန် အထောက်အကူပြုကြောင်း ဖော်ပြကြပါတယ်။ ကွီးတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို အသုံးချပြီး တီထွင်ဖန်တီးမှုမှာ အချိန်ယူလုပ်ဆောင်ခြင်းဟာ ကွီးတို့ကို စိတ်အားထက်သန်မှု ပိုဖြစ်စေပါတယ်။ စိတ်ထက်သန်မှုကနေ ရေရှည်ပျော်ရွှင်မှုနဲ့ သုခကို ခံစားနိုင် ခြေပိုများလာပါတယ်။ ဖန်တီးမှုလုပ်ငန်းတွေမှာ စာရေးခြင်း၊ ပန်းချီဆွဲခြင်း၊ ဂီတဖျော်ဖြေခြင်း၊ လက်မှုပညာ၊ သိပ္ပံနဲ့ နယ်ပယ်စုံပါဝင်ပါတယ်။
(၆) မပြည့်စုံမှုကို လက်ခံပါ။
Photo : Vista Create
လူအများစုက အရာရာပြီးပြည့်စုံမှုအတွက် ကြိုးစားကြပါလိမ့်မယ်။ အဲဒီအထဲမှာ ကွီးတို့လည်း ပါဝင်နိုင်ပါတယ်။ ပတ်ဝန်းကျင်ကလည်း အကောင်းဆုံး ပြီးပြည့်စုံဖို့အတွက် ကြိုးစားဖို့ တွန်းအားတွေပေးကြပါတယ်။ ဒီစံနှုန်းများအတိုင်း ဆုပ်ကိုင်ထားခြင်းက စိတ်ကို ချုပ်နှောင်ထားသလိုဖြစ်ပြီး လက်တွေ့မှာ ချည်းနှီးဖြစ်စေပါတယ်။ ဒါပေမယ့် တကယ်ပျော်ရွှင်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မပြည့်စုံ မှုတွေကို လက်ခံနားလည်ရပါမယ်။ အားလုံး ပြီးပြည့်စုံဖို့ ဆိုတာက မဖြစ်နိုင်ပါ။ ဘဝသည် မစုံလင်ကြောင်း လက်ခံပြီး ထိုမစုံလင်မှု/ မပြည့်စုံမှုကနေ ပြည့်စုံမှု ရှိလာအောင် ကြိုးစားရမယ်ဆိုတဲ့ အချက်ကလည်း ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ကို ပိုင်ဆိုင်နိုင်ဖို့ ကွီးတို့ ကျင့်သုံးရမဲ့ အချက်တွေထဲက တစ်ချက် ဖြစ်ပါတယ်။
ကွီးတို့ရေ ပိုမို ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ရဖို့ ကျင့်သုံးသင့်တဲ့အချက်တွေကို ပညာရှင်တွေက အမြောက် အမြားဖော်ထုတ်ထားပါတယ်။ ကွီးတို့နဲ့ ကိုက်ညီမဲ့ သော့ချက် တွေကို အသုံးချခြင်းဖြင့် ကွီးတို့ရဲ့ ဘဝကို ပျော်ရွှင်အောင်မြင် တိုးတက်အောင် လုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Source : Entrepreneur
Featured Photo : Wallpaper

