ကွီးတို့ တစ်သက်လုံး ကမ္ဘာအနှံ့ပတ်ပြီး ခရီးထွက်မယ်ဆိုရင်တောင် ကမ္ဘာကြီးတစ်ခုလုံးကို တစ်နေရာမကျန် မရောက်ရှိနိုင်လောက်အောင်ကို ကမ္ဘာကြီးက ကြီးမားကျယ်ပြန့်ပါတယ်။ ကိုယ့်နိုင်ငံမှာတင် လည်ပတ်လို့ အားမရသေးဘူးဆိုရင်တော့ ပြည်ပ နိုင်ငံများဆီ ခြေဆန့် ကာ ကွီးတို့ရဲ့ မြင်ကွင်းကို ချဲ့ထွင်နိုင်ပါတယ်။
ပြည်တွင်းမှာပဲ သွားလာမယ့်အစား ပြည်ပ နိုင်ငံများဆီ ခြေဆန့် မယ်ဆိုရင် ဘတ်ဂျက်လည်း ပိုကုန်မှာဖြစ်သလို အတွေ့အကြုံလည်း ပိုရပြီး သူမတူတဲ့ ခံဏားချက်ကို ခံစားရမှာပဲ ဖြစ်ပါတယ်။ ပြည်ပခရီး မကြာခဏ ထွက်သူများအဖို့ အတွေ့အကြုံတွေ အများအပြား ရှိနေလာက်ပြီဆိုပေမယ့် ပထမဦးဆုံး ခရီးထွက်မယ့် ကွီးတို့ကတော့ ကြိုတင်ပြင်ဆင်ထားစရာတွေ အများကြီးရှိပါတယ်။
ဘယ်အချက်များကို ကြိုတင်ပြင်ဆင်ထားသင့်သလဲဆိုတော့ …
စာရွက်စာတမ်းတွေ စုံ မစုံ စစ်ဆေးပါ
လေယာဥ်လက်မှတ်ကို ဘိုကင်မတင်ခင်မှာ ကွီးတို့လက်ထဲ စာရွက်စာတမ်း အပြည့်အစုံ ရှိမရှိ စစ်ဆေးသင့်ပါတယ်။ ပထမဦးဆုံး အရေးကြီးတာကတော့ ပတ်စ်ပို့ပဲဖြစ်ပါတယ်။ ဗီဇာတုံးတွေ အများကြီး ထုဖို့ဆိုရင် ပတ်စ်ပို့ စာအုပ်ထဲမှာ စာမျက်နှာ လုံလုံလောက်လောက် ကျန်ရှိနေဖို့ လိုပါတယ်။ အချို့နိုင်ငံတွေကတော့ တံဆိပ်တုံးထုဖို့အတွက် စာအုပ်ရဲ့ လေးပုံတစ်ပုံကိုသာ အသုံးပြုပေမယ့် အချို့နိုင်ငံတွေကတော့ စာရွက် တစ်ဝက်ကျိုးသည်အထိ လိုအပ်ပါတယ်။ ဒါပေမဲ့ ကွီးတို့က အခုမှ ပြည်ပခရီးသွားမှာဆိုတော့ စာအုပ်ထဲမှာ စာရွက်အများကြီး ကျန်နေမှာဆိုတော့ ပူစရာမလိုပါဘူး။
ပတ်စ်ပို့လည်း အဆင်ပြေပြီဆိုရင်တော့ ဗီဇာအတွက်လည်း စစ်ဆေးထားဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ မှန်သမျှကို အစဥ်လိုက် စီစစ်ထားလိုက်ပါ။ ဒါမှ လေဆိပ်မှာ ကွိုင်မတက်မှာပါ။
ဘိုကင် ကြိုတင်ထားပါ
ကမ္ဘာလှည့် ခရီးသွားသူများအဖို့ လက်မှတ်များကို ဈေးသက်သက်သာသာနဲ့ ရဖို့ဆိုရင် တစ်လခန့် ကြိုတင်ဘိုကင် တင်ထားဖို့လိုအပ်ပါတယ်။ ခရီးသွားဖို့ သေချာပြီဆိုတာနဲ့ လေယာဥ်လက်မှတ်ကို စုံစမ်းထားလိုက်ပါ။ ဒါ့အပြည့် တည်းခိုမယ့် ဟိုတယ်နေရာအတွက်လည်း ကြိုတင် ဘိုကင်တင်ထားမယ်ဆိုရင်တော့ အားလုံး အဆင်ပြေသွားမှာပဲ ဖြစ်ပါတယ်။
ပိုက်ဆံပြင်ထားပါ
ပိုက်ဆံထုတ်ကြီးပိုက်ပြီး ခရီးသွားရတဲ့ အချိန်ကာလတွေက ကုန်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်ရဲ့ လွယ်ကူမြန်ဆန်တဲ့ အင်တာနက် ဆက်သွယ်မှုများကြောင့် ဘယ်နေရာဆီ ခရီးသွားသွား ကတ်လေးတစ်ကတ် ရှိရုံနဲ့ ရပါပြီ။ သို့သော် ထိုကတ်က နိုင်ငံတကာမှာ အသုံးပြုလို့ရတဲ့ ကတ် ဖြစ်ဖို့တော့ လိုအပ်ပါတယ်။ တကယ်လို့ ကိုယ့်ကတ်က ပြည်တွင်းမှာပဲ သုံးလို့ရတယ်ဆိုရင်တော့ ကိုယ် သွားလည်မယ့်နိုင်ငံရဲ့ ငွေကြေးကို ကြိုတင်လဲသွားဖို့ လိုအပ်ပါလိမ့်မယ်။
လေယာဥ်ချိန်နီးမှ ကပ်မထွက်ပါနဲ့
လေဆိပ်ကို ကိုယ့်ရဲ့ လေယာဥ်အချိန်ထက် သုံးနာရီ ကြိုတင်ပြီး ရောက်ရှိနေဖို့ လိုအပ်ပါတယ်။ ပြည်ပခရီးထွက်မယ်ဆိုရင် စစ်ဆေးရေးဂိတ်မှာ အချိန်အကြာကြီး စစ်ဆေးခံရမှာပဲ ဖြစ်ပါတယ်။ အချိန်အကြာကြီး စစ်ဆေးခံရလို့ လေယာဥ် လွတ်သွားတာမျိုး မကြုံချင်ဘူးဆိုရင်တော့ စောစောစီးစီး ရောက်ရှိနေဖို့ လိုအပ်ပါတယ်။
ဘေးကင်းလုံခြုံမှုကို ဦးစားပေးပါ
အခြားနိုင်ငံဆီသို့ အလည်သွားတာ ဖြစ်တဲ့အတွက်ကြောင့် ကွီးတို့သည် သူစိမ်းပတ်ဝန်းကျင်မှာ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ မျက်စိလျင်လျင်ထားကာ သွားလာဖို့ လိုအပ်ပါတယ်။ သူငယ်ချင်းများနဲ့ သွားရင်လည်း ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့ လိုအပ်သလို တစ်ယောက်တည်း သွားမယ်ဆိုရင်တော့ ပိုလို့တောင် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
ကွီးတို့ရော ပြည်ပ မှာ ခြေဆန့် ပြီး အတွေ့အကြုံသစ်တွေ ရယူဖို့ ရယ်ဒီဖြစ်နေပြီလား။
Source: Gooverseas
Featured Image: Travel Off Path