ဒီနေ့ခေတ် လူအများစုဟာ ဖိအားများတဲ့ လူမှုပတ်ဝန်းကျင်မှာ ရှင်သန်နေကြရတာ ဖြစ်ပါတယ်။ ဖိအားတွေက လူတစ်ယောက်ကို ကောင်းမွန်တဲ့ အနေအထားတစ်ခုရောက်အောင် တွန်းအားပေးနိုင်ပေမယ့် ဖိအားများလွန်းရင်တော့ စိတ်ရောလူပါ ပြိုလဲသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ဘဝထဲက ရှောင်လွဲလို့ မရတဲ့ ဖိအား တွေကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကို ဆန်းစစ်ပါ

Photo : iStock

အရင်ဆုံး ဘယ်အရာတွေက ကိုယ့်ကို ဖိအားဖြစ်စေတာလဲဆိုတာ ဆန်းစစ်ပါ။ ကိုယ့်ရဲ့ အားနည်းချက်ကြောင့် ဖိအားဖြစ်နေတာလား။ ဒါဆိုဒီအားနည်းချက်ကို ပြင်ရတော့မှာပါ။ နောက်တစ်ချက်က ကိုယ့်မှာဘာတွေ အားသာချက်ရှိသလဲ။ အဲ့ဒီအားသာချက်ကို ဘယ်လို အသုံးချပြီး ကိုယ့်ဘဝအတွက် လှေကားတစ်ခုဖြစ်အောင် ပြောင်းလဲနိုင်မလား ဆန်းစစ်နေဖို့ လိုပါတယ်။

(၂) အကောင်းမြင်စိတ် မွေးပါ

 

Photo : iStock

တစ်ခါတစ်လေကိုယ့်အတွက် ဖိအားဖြစ်နေတဲ့ အရာတွေမှာ တကယ် ချီးကျူးစရာ ၊ ကျေးဇူးတင်စရာတွေ ပါဝင်တတ်ပါတယ်။ ကျွန်တော်တို့မှာ ကျေးဇူးတင်စိတ် ၊ အကောင်းမြင်စိတ်နဲ့သင့်တင့်မျှတတဲ့ သဘောထားတွေ ရှိလာပြီဆိုရင် စိုးရိမ်သောကနဲ့ စိတ်ဖိစီးမှုအတွက် နေရာရှိမှာ မဟုတ်ပါဘူး။

(၃) အစီအစဉ်တကျ ဖြစ်ပါစေ

Photo : iStock

အလုပ်တွေကို နေသားတကျ ဆောင်ရွက်ပြီးစီးခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေမှာပါ။ လူက နားရမယ့် အချိန်နဲ့သွားရမယ့် အချိန်ကိုသိနေရင် စွမ်းအင် ကုန်တာသက်သာပါတယ်။ ဒီနေ့အတွက် To Do List ဆွဲဖို့လိုသလို မနက်ဖြန်အတွက်လည်း တတ်နိုင်သမျှ ပြင်ဆင် ၊ ကိုယ့်အတွက်လည်း ကိုယ်ပိုင်အချိန်ရှာဖွေထားရင် အများကြီး စိတ်သက်သာရာရစေမှာပါ။

(၄) အားကစားပုံမှန် လုပ်ပါ

Photo : iStock

အားကစား ရဲ့ အဓိပ္ပါယ်ထဲမှာ ကိုယ်လက်ကျန်းမာကြံ့ခိုင်ခြင်း ၊ စိတ်အင်အား တက်လာစေခြင်းအပြင် လူတွေနဲ့ ပူးပေါင်းဆက်သွယ်ပြီး လှုပ်ရှားခြင်းဆိုတဲ့ ကောင်းကျိုးတွေ အများကြီး ပါပါတယ်။ ဖိအားတွေကို အကောင်းမွန်ဆုံးကျော်လွှားပြီး စိတ်ရောကိုယ်ပါ အေးချမ်းမှုကို ရချင်တယ်ဆိုရင်တော့ အားကစားလုပ်တဲ့ အလေ့အကျင့်ကို မွေးမြူသင့်ပါတယ်။ အားကစား ပုံမှန်လုပ်နေမယ်ဆိုရင် စိတ်ဖိစီးမှုနဲ့ ဖိအားတွေကို အကောင်းဆုံး အနိုင်ယူနိုင်မှာပါ။

Featured Photo : Healthline