တစ်ခါတစ်လေမှာ ဘာကိုမှ စိတ်မပါပဲ ဖီလင်တွေ ငုတ်နေတဲ့ အခိုက်အတန့်မျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ အကြောင်းအရင်းတစ်စုံတစ်ရာ မရှိပါပဲ ဘာကြောင့်မှန်းမသိ စိတ်ခံစားမှုတွေ မကောင်းတာ ၊ စိတ်တိုဒေါသထွက်လွယ်တာ စသည်ဖြင့်ပါ။ ဒီလိုအခြေအနေကို ကျော်လွှားဖို့အတွက်ဆိုရင် ကွီးတို့လုပ်နိုင်တဲ့ နည်းလမ်းကောင်းအချို့ရှိပါတယ်။ ကွီးတို့ ဘာကြောင့်မှန်းမသိ ဖီလင် တွေမကောင်းပဲ စိတ်တွေရှုပ်ထွေးနေရင် အခုပြောပြမယ့် အချက်လေးတွေကို လုပ်ကြည့်ပါ။

(၁) သံပတ်ပေးထားတဲ့ အရာတွေ ခဏတာ ရပ်တန့်လိုက်ပါ

Photo : TripTins

ယနေ့ခေတ် လူသားတွေရဲ့ ဘဝဖြတ်သန်းမှု ပုံစံဟာ စက်ရုပ်ဆန်တယ်လို့ ပြောရင်မမှားနိုင်ပါဘူး။ တစ်နေ့လုပ်ဆောင်ရတဲ့ လုပ်ငန်းတာဝန်တွေ ၊ မိသားစုတာဝန်ဝတ္တရားတွေနဲ့ စက်ရုပ်တစ်ရုပ်ကို သံပတ်ပေးထားသလို အဆက်မပြတ်လုပ်ဆောင်နေ ကြရပါတယ်။ စိတ်ခံစားမှုတွေမကောင်းတာ ၊ Burn Out ဖြစ်လာတာ ၊ ဖီလင် ငုတ်တာတွေ ဖြစ်ရတဲ့အဓိကအကြောင်းအရင်းတွေဟာ ဒီလို ကိုယ့်ကိုကိုယ် အချိန်အလုံအလောက်မပေးမိတဲ့အခါ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်သံပတ်ပေးထားတဲ့ အရာတွေကို ခဏတဖြုတ် ရပ်တန့်လိုက်ပါ။ သဘာဝတရားကြီးထဲမှာ အေးအေးဆေးဆေးနေဖို့ အချိန်တစ်ခုယူပါ။ တိတ်ဆိတ်ငြိမ်သက်မှုနဲ့အတူ ကိုယ့်အတွက်ကိုယ် အချိန်အတိုင်းအတာတစ်ခုလောက်ပေးပြီး ဖြတ်သန်းကြည့်ပါ။ စိတ်ခံစားမှုတွေ ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။

(၂) ရုပ်ရှင်တွေထဲ နစ်မြောလိုက်ပါ

man watching tv

Photo : SFGATE

ရုပ်ရှင်တွေမှာ ပဉ္စလက်​ဆန်တဲ့ ပါဝါတွေ အများကြီးရှိတယ်ဆိုတာ ယုံလား။ အမှန်ပါပဲ ရုပ်ရှင်တွေကြည့်တာဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုတွေကို အများကြီး သက်သာရာရစေနိုင်ပါတယ်။ အထူးသဖြင့် ဘာကိုမှစိတ်မပါပဲ ဖီလင် တွေငုတ်နေတဲ့ အချိန်မျိုးမှာ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမယ့် ဟာသရုပ်ရှင်တွေ ၊ ကွီးတို့ အကြိုက်ဆုံး ရုပ်ရှင်စီးရီးတွေကို ကြည့်ကြည့်ပါ။ ရုပ်ရှင်တွေထဲမှာ စီးဝင်နစ်မြောလိုက်တာနဲ့အမျှ မကောင်းတဲ့ ခံစားမှုစိတ်အာရုံတွေ အဝေးကိုရောက်သွားမှာ အသေအချာပါပဲ။

(၃) ဘာမှမတွေးပဲ တရေးအိပ်ပစ်လိုက်ပါ

man sleep

Photo : Medical News Today

အိပ်ရေးဝတဲ့ရက်နဲ့ အိပ်ရေးမဝတဲ့ရက်တွေမှာ စိတ်ခံစားမှုတွေက မတူပါဘူး။ ညဘက်မှာ ကောင်းကောင်း အိပ်မပျော်ဘူး ၊ မကြာခဏဆိုသလို အိပ်ရေးပျက်နေတာက စိတ်တိုဒေါသထွက်လွယ်နေရတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ နောက်ပြီး တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်သလို ၊ အားအင်ကုန်ခမ်းသလိုလည်း ခံစားနေရ တက်ပါတယ်။ ဒါကြောင့် ခဏတဖြုတ် ပြန်လည်ပြီး အိပ်စက်အနားယူလိုက်မယ်ဆိုရင် ခန္ဓာကိုယ်မှာ အားအင်ပြန်လည် ပြည့်ဝလာပြီး လန်းဆန်းတက်ကြွလာပါလိမ့်မယ်။ စိတ်ခံစားမှုတွေ ပိုကောင်းလာမှာဖြစ်သလို ဖီလင်တွေလည်း ဂွတ်လာမှာပါ။

(၄) အတွေးတွေကို မျှဝေလိုက်ပါ

Men Talking

Photo : Unsplash

တစ်ခါတစ်လေ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အတွေးတွေထဲမှာပဲ ပိတ်မိနေတက်ပါတယ်။ တစ်ယောက်တည်း မကောင်းတွေအတွေးတွေ များများတွေးလေ အတွေးတွေထဲမှာ ပိုပိတ်မိလာလေပါပဲ။ ဒီလိုအတွေးနွံထဲက လွန်မြောက်ဖို့နည်းလမ်းက အတွေးတွေကို စကားလုံးတွေအဖြစ် ပြောင်းလဲလိုက်ဖို့ပါပဲ။ ကျွန်တော်တို့ ယုံကြည်ရတဲ့ မိတ်ဆွေတွေ ၊ နားလည်မှုပေးနိုင်မယ့် မိသားစု ၊ သူငယ်ချင်းတွေကို စကားပြောသင့်ပါတယ်။ အနည်းဆုံးတော့ ကျွန်တော်တို့ တွေးနေတဲ့ အကြောင်းအရာတွေကို စာရွက်ပေါ်မှာ ချရေးလိုက်လို့ရပါတယ်။ ဒီနည်းလမ်းဟာ မကောင်းတဲ့ စိတ်ခံစားမှုတွေကို သက်သာစေပြီး ဖီလင် တွေပြန်လည် ကောင်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။

Featured Photo : Pexels