ဒီဘက်ခေတ်မှာ ဖောက်ပြန် တယ်ဆိုတာ လူတိုင်းနီးပါး နားရည်ဝနေလောက်အောင် ကြားနေရတဲ့ စကားတစ်ခု ဖြစ်မယ် ထင်ပါတယ်။ မဖောက်ပြန်ဖူးရင် ဒါမှမဟုတ် ဖောက်ပြန်မခံရဖူးရင် ခေတ်မမှီတော့တဲ့ ခေတ်ကို ရောက်နေသလိုပါပဲ။ ဖောက်ပြန်တဲ့အကြောင်းကို လူတွေ ထမင်းစားရေသောက် ပြောနေကြပေမယ့် တကယ်တမ်း လက်တွေ့ကြုံရသူတွေ အဖို့တော့ ကမ္ဘာကြီးပျက်မတက် စိတ်ဒဏ်ရာတွေ ၊ အတွင်းကြေ သေဆုံးမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ပြိုလဲကြရတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ့်ချစ်သူက ဖောက်ပြန်သွားရင် ဘာလုပ်ရမလဲ ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကုစားရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အခြေအနေကို လက်ခံနိုင်ဖို့ ကြိုးစားပါ

Cheating Girlfriend
Photo : Live Bold and Bloom

ဖောက်ပြန် ခံရပြီဆိုရင် အရင်ဆုံး လုပ်ရမှာက ဒီအခြေအနေကြီးကို လက်မခံချင်လည်း လက်ခံနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ စကားအနေနဲ့သာ ပြောဖို့ လွယ်ပေမယ့် ကိုယ်ချစ်တဲ့သူတစ်ယောက် ကိုယ့်အပေါ် ဖောက်ပြန်သွားတဲ့ အခြေအနေကို လက်ခံလိုက်နိုင်ဖို့ဆိုတာ အင်မတန် ခက်ခဲမှာပါ။ ဒါပေမယ့် လက်တွေ့မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို တက်နိုင်သမျှ လက်ခံပေးနိုင်ဖို့ ကြိုးစားမှသာ ထိန်းချုပ်မှုအောက်က လွှတ်သွားတဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ တဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ် လာမှာဖြစ်ပြီး ဒီအခြေအနေကနေ ရုန်းထွက်ရမယ့် နောက်တဆင့်ကို ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်။

(၂) စိတ်ခံစားချက်တွေကို လွှတ်ထားပေးလိုက်ပါ

Cheating Girlfriend
Photo : Live Bold and Bloom

ဒီလိုအခြေအနေမှာ ခံစားချက်ကို အတင်းအကျပ် ချုပ်တည်းတာဟာ အမှားကြီးတစ်ခုပါ။ ဝမ်းနည်းမှုတွေ ၊ ဒေါသတွေ ၊ မကျေနပ်ချက်တွေ ၊ အပြစ်တင်ခြင်းတွေနဲ့ နောင်တတွေ စသည်ဖြင့် ခံစားချက်ပေါင်းစုံ တစ်ချိန်တည်းမှာ အမျိုးမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါတွေကို အတင်းလိုက်ထိန်းချုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ညာနေမယ်ဆိုရင် ကွီးတို့ပဲ ပိုပင်ပန်းပါလိမ့်မယ်။ ကိုယ့်ခံစားချက်တွေကို လွတ်လပ်စွာပဲ စီးဆင်းခွင့်ပြုလိုက်ပါ။ ဝမ်းနည်းခွင့်ပေးလိုက်ပါ။ ငိုချင်ငိုချလိုက်ပါ။ ခံစားချက်တွေကို ဖွင့်ထုတ်လိုက်မှသာ ကွီးတို့ သက်သာရာရမှာပါ။

(၃) ရင်ဖွင့်ပါ

Cheating Girlfriend
Photo : Live Bold and Bloom

ကွီးတို့က ဘယ်လောက်ပဲ သန်မာတဲ့ ယောကျာ်းသားတစ်ယောက် ဖြစ်နေပါစေ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်နေချိန်မှာ ရင်ဖွင့်ပြောပြဖို့ လိုကိုလိုအပ်ပါတယ်။ ကိုယ့်ရဲ့စိတ် အတွင်းပိုင်းက ဒဏ်ရာတွေ ၊ ခံစားချက်တွေကို ဖွင့်ဟပြောပြဖို့ မရှက်သင့်ပါဘူး။ အကယ်၍ ကွီးတို့ ဆန္ဒရှိတယ်ဆိုရင် ကိုယ်ယုံကြည်ရတဲ့ မိသားစုဝင်တွေ ၊ ဘော်ဒါအပေါင်းအသင်းတွေကို ရင်ဖွင့်ပြီး လက်ရှိ ဖြစ်ပျက်ကြုံတွေ့နေရတဲ့ ခံစားချက်တွေကို အကောင်းဆုံး ဖွင့်ဟတိုင်ပင်လိုက်ဖို့ အကြံပေးချင်ပါတယ်။

(၄) ခွင့်လွှတ်ခဲ့ပြီး ရှေ့ဆက်ပါ

Cheating Girlfriend
Photo : The Independent

ဖောက်ပြန် ခံလိုက်ရတဲ့အပေါ် ခွင့်မလွှတ်နိုင် ဖြစ်နေတယ် ၊ လက်စားပြန်ချေဖို့ စဉ်းစားနေတယ်ဆိုရင် ချက်ချင်းရပ်တန့်လိုက်ဖို့ သတိပေးပါရစေ။ ခွင့်မလွှတ်နိုင်တဲ့ စိတ်ကြောင့်ပဲ ကွီးတို့ဟာ ဒေါသစိတ်နဲ့ တမြည့်မြည့် တောက်လောင် နေရပါလိမ့်မယ်။ ဖောက်ပြန်ခြင်းကို ရွေးချယ်ခဲ့တဲ့ သူတစ်ယောက်အတွက် ဒေါသစိတ် ၊ နာကျည်းချက်တွေဆိုတာ အနည်းနဲ့အများ ရှိနိုင်ပေမယ့် အမှန်တကယ် အေးချမ်းမှုကို ရချင်တယ်ဆိုရင် ခွင့်လွှတ်ပေးခဲ့လိုက်ပါ။ ခွင့်လွှတ်ပြီး ကိုယ့်ဘဝကို အကောင်းဆုံး ရှေ့ဆက်သွားဖို့ကိုပဲ အာရုံစိုက်ထားသင့်တာ ဖြစ်ပါတယ်။

Source : My Fit Brain

Featured Photo : The Pleasant Relationship