လေထိုးခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်းတို့ကို လူတိုင်း ခံစားဖူးကြပါလိမ့်မယ်။ အစာမကြေတဲ့အခါမျိုး၊ အစားများသွားတဲ့အခါမျိုးတွေမှာလည်း ဗိုက်အောင့် ဗိုက်နာခြင်းကို ခံစားရပါသေးတယ်။ အစားအစာကို အချိန်မှန်မှန် မစားတဲ့အခါမှာလည်း အစာအိမ်ကျန်းမာရေးက အားနည်းသွားတတ်ပြီး ဗိုက်အောင့် ဗိုက်နာခြင်းကို အမြဲဆိုသလို ခံစားရတတ်ပါတယ်။ ဒီလိုမျိုး ဗိုက်အောင့် ဗိုက်နာခြင်းတို့ကို အမြန်ဆုံး သက်သာပျောက်ကင်းသွားစေမယ့် အိမ်တွင်း ဆေးနည်း အချို့ရှိပါတယ်။
ဆေးဝါးအလွယ်တကူ ဝယ်လို့မရတဲ့အခါမျိုး (သို့) ညကြီးသန်းခေါင်ကျမှ ဗိုက်အောင့် ပြီး အိမ်မှာလည်း ဆေးဝါးအဆင်သင့် မရှိတဲ့အခါမျိုးမှာ အခုဖော်ပြပေးမယ့် အိမ်တွင်း ဆေးနည်း များကို အသုံးပြုနိုင်ပါတယ်။
ဂျင်း အသုံးပြုခြင်း
ဂျင်းသည် အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းမှ ကာကွယ်ပေးပြီး လေထိုးခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်းတို့ကိုလည်း သက်သာစေတဲ့ အိမ်တွင်း ဆေးနည်း တစ်ခုပဲဖြစ်ပါတယ်။
မိမိစားတဲ့ အစားအစာများထဲ ဂျင်းထည့်ကာ စားသုံးပေးခြင်း (သို့) ဂျင်းပြုတ်ရည် သောက်သုံးပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။
ရှားစောင်းလက်ပတ်ဖျော်ရည် သောက်သုံးခြင်း

လေ့လာချက်တစ်ခုအရ သုတေသနပညာရှင်များသည် စမ်းသပ်မှု ပါဝင်သူများအား ရှားစောင်းလက်ပတ်ဖျော်ရည် ၁၀ မီလီလီတာကို လေးပတ်တိတိ သောက်သုံးစေခဲ့ပါတယ်။ ထိုကဲ့သို့ သောက်သုံးသူများသည် အစာမကြေကာ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ လေထိုးခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်းတို့ကို သက်သာပျောက်ကင်းစေတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။
ရေနွေးအိတ် ကပ်ပေးလိုက်ပါ

ဗိုက်အောင့်ဗိုက်နာနေချိန်မှာ ခန္ဓာကိုယ်ကို ရေနွေးအိတ် ကပ်ပေးခြင်းဖြင့် နွေးနွေးထွေးထွေးနေခြင်းသည် ခံစားနေရတဲ့ ဝေဒနာကို လျော့ပါးသက်သာစေပါတယ်။
ရေနွေးအိတ်ကပ်တဲ့အခါ သတိထားရမယ့်အရာတစ်ခုကတော့ ရေနွေးအိတ်က အရမ်းပူနေတယ်ဆိုရင် အသားနှင့် တိုက်ရိုက်မကပ်စေဘဲ အဝတ်စပါးတစ်ခု ခံကာ ကပ်ထားလိုက်ပါ။ ထို့နောက် ရေနွေးအိတ်ကို တစ်နေရာတည်းမှာပဲ အကြာကြီး ကပ်မထားဘဲ မကြာခဏဆိုသလို နေရာ ပြောင်းပေးရမှာဖြစ်ပါတယ်။ ဒါမှသာ သင့်အရေပြားက အပူလောင်ခြင်းကို မခံစားရမှာဖြစ်ပါတယ်။
ပန်းသီးရှာလကာရည် အသုံးပြုပါ

ပန်းသီးရှာလကာရည်ကို ရေနဲ့ အနည်းငယ်ရောကာ သောက်သုံးပေးရမှာဖြစ်ပါတယ်။ ရေထည့်ထားသော ဖန်ခွက်ထဲသို့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းမှသည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းအထိ ထည့်သွင်းကာ သောက်သုံးပေးနိုင်ပါတယ်။
ထိုကဲ့သို့ မှီဝဲလိုက်ခြင်းအားဖြင့် အူလမ်းကြောင်းရှိ ဘက်တီးရီးယားများကို ကျန်းမာနေစေပြီး ဗိုက်အောင့် ဗိုက်နာခြင်းမှ ကင်းဝေးအောင် ကူညီပေးပါတယ်။
တကယ်လို့ အရသာပြင်းပြင်းကြီးကို မသောက်နိုင်ဘူးဆိုရင်တော့ ရေ တစ်ဖန်ခွက်ထဲသို့ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်လိုက်ပါ။ ထို့နောက် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။ ဒီနည်းလမ်းလေးကတော့ ချိုချဉ်လေးနဲ့ သောက်ရတာလည်း အရသာ မပြင်းတော့ပါဘူး။
အချို့ကလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ တစ်နေ့လျှင် ပန်းသီးရှာလကာရည် တစ်ဇွန်းခန့် အမြဲတမ်း မှီဝဲလေ့ရှိကြပါတယ်။
ကွီးတို့ရော မိမိရဲ့အစာအိမ်ကျန်းမာရေးကို ဘယ်လိုနည်းလမ်းမျိုးဖြင့် ဂရုစိုက်လေ့ရှိပါသလဲ။
ဗိုက်အောင့် ဗိုက်နာခြင်း ကင်းဝေးဖို့ရန်အတွက် အစားအစာကို အချိန်မှန်မှန် စားသုံးဖို့လိုအပ်သလို ဝမ်းမှန်ဖို့ရန်အတွက် အမျှင်ဓာတ် ကြွယ်ဝသော အစးအစာများ မှီဝဲစားသုံးဖို့လိုအပ်ပါတယ်။ ဝမ်းတစ်လုံး ကောင်းရင် ခေါင်းမခဲဘူး ဆိုတဲ့ စကားအတိုင်းပဲ အစာအိမ်က ကျန်းမာနေမှသာလျှင် ကိုယ်ရောစိတ်ပါ လန်းဆန်းတက်ကြွပြီး မိမိရဲ့လုပ်ငန်းဆောင်တာများကို အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်မှာပါ။
Source: Medicalnewstoday
Featured Image: Advanceer

