ဗီတာမင် စီ ဓာတ်ဟာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်ရုံမက အဆုတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဗီတာမင် စီဓာတ်က အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး ရောင်ရမ်းခြင်းတွေကို တားဆီးပေးနိုင်တယ်လို့ သုတေသီးတွေက ဆိုထားပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အဆုတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အကောင်းဆုံး ဗီတာမင် စီ ကြွယ်ဝတဲ့ အသီး ၅ မျိုးကို ပြောပြပေးချင်ပါတယ်။

(၁) စတော်ဘယ်ရီသီး

Photo : iStock

စတော်ဘယ်ရီသီးဟာ ဗီတာမင်ဓာတ် ၊ အမျှင်ဓာတ်၊ သတ္တုဓာတ်နဲ့ Antioxidant စတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကိုလက်စထရောနဲ့အဆီဓာတ်တွေကိုလည်း လျော့ချပေးပါတယ်။ စတော်ဘယ်ရီသီးမှာ ဗီတာမင် စီဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အဆုတ်ကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

(၂) လိမ္မော်သီး

Photo : iStock

လိမ္မော်သီးဟာ အရသာရှိရုံတင်မကဘဲ ဗီတာမင် စီ ဓာတ်အပါအဝင် အာဟာရဓာတ်များစွာကြွယ်ဝတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင် စီ ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအပြင် အမျှင်ဓာတ်လည်းကြွယ်ဝစွာပါဝင်တာကြောင့် အဆုတ်နဲ့ အူမကြီး ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

(၃) ကီဝီသီး

Photo : iStock

လေ့လာမှုတွေအရ ကီဝီ သီး ၁၀၀ ဂရမ်ခန့်စားသုံးခြင်းက ခန္ဓာကိုယ်အတွက် ဗီတာမင် စီဓာတ် ၇၄.၇ ဂရမ် ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။ ကီဝီသီးမှာလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင် စီဓာတ် အလုံအလောက် ပါဝင်တာကြောင့် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အလုံးစုံ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

(၄) သလဲသီး

Photo : iStock

အရည်ရွှမ်းတဲ့ သလဲသီးတွေဟာ အာဟာရဓာတ်ကြွယ်ဝတဲ့အပြင် ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးတဲ့ စူပါအသီးတစ်မျိုးအဖြစ် လူသိများပါတယ်။ ကူးစက်ရောဂါနဲ့ ဖျားနာခြင်းတွေကို တိုက်ထုတ်ပေးပြီး အဆုတ်အားကောင်းစေဖို့အတွက် သလဲသီးကိုလည်း ပုံမှန် စားပေးသင့်ပါတယ်။

(၅) မာလကာသီး

Photo : iStock

လတ်ဆက်ပြီး ကြွပ်ရွတဲ့ မာလကာသီးကတော့ လူကြိုက်အများဆုံး အသီးတွေထဲက တစ်မျိုး ဖြစ်ပါတယ်။ မာလကာသီးဟာ ကယ်လိုရီပါဝင်မှုနည်းတာကြောင့် ဝိတ်ကျချင်သူတွေ စိတ်ချလက်ချ စားနိုင်ပါတယ်။ ဒါ့အပြင် မာလကာသီးဟာ အဆုတ်ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးတဲ့အပြင် ဆီးချိုရောဂါကိုလည်း ထိန်းညှိပေးတဲ့ အကောင်းဆုံး အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။