လက်မလည်အောင် ခေါင်းကုပ်နေရတဲ့ စိတ်ရှုပ်စရာ ဗောက်တွေကို ရှင်းထုတ်ဖို့အတွက် အဖြေက ကွီးတို့လက်တစ်ကမ်းမှာပဲ ရှိပါတယ်။ ဒါကဘာလဲဆိုရင်တော့ သံပုယိုသီးပါပဲ။ သံပုယိုသီးမှာ ဗောက်တွေကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေ အများကြီး ပါဝင်ပါတယ်။ အဓိကအားဖြင့် သံပုယိုသီးမှာ ပါတဲ့ Citric Acid ဓာတ်ဟာ ဦးရေပြားပေါ်က မှို ၊ ဘက်တီးရီးယားနဲ့ အဆီတွေကို ရှင်းထုတ်ပေးနိုင်ပြီး ဦးရေပြားကို သန့်ရှင်းစေကာ ဗောက်ပြဿနာကို ပြေလျော့သက်သာစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သံပုယိုသီးကို အသုံးပြုပြီး ဗောက်တွေ ကို ရှင်းလင်းနိုင်မယ့် အိမ်တွင်းနည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

နည်းလမ်း (၁)

Apple Cider Vinegar And Lemon

Photo : Feasting At Home

သံပုယိုသီးနဲ့ ပန်းသီးရှာလကာရည်ကို တွဲဖက်အသုံးပြုရမှာပါ။ ပန်းသီးရှာလကာရည်ဟာ မှိုတွေကိုသေစေနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး ဦးရေပြားရဲ့ pH မျှတမှုကို ပြန်လည်ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဗောက်တွေနဲ့အတူ ဦးရေပြား ခြောက်သွေ့ယားယံခြင်းကိုလည်း သက်သာစေပါတယ်။ အသုံးပြုနည်းကတော့ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၄ ဇွန်းနဲ့ သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို ဂွမ်းစလေးနဲ့ ဦးရေပြားပေါ်က ယားယံတဲ့နေရာတွေကို လိုက်လံပွတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက် ထားပြီးပြီ ဆိုရင်တော့ ခေါင်းလျှော်လိုက်လို့ ရပါပြီ။ တစ်ပတ်ကို ၂ ကြိမ်ခန့် ပုံမှန်ပြုလုပ်မယ်ဆိုရင် ဗောက်တွေ သိသိသာသာ လျော့နည်းသက်သာ သွားစေမှာ ဖြစ်ပါတယ်။

နည်းလမ်း (၂)

Aloe Vera And Lemon

Photo : Ever Young Lifestyle

နောက်ထပ်နည်းလမ်းကတော့ သံပုယိုသီးနဲ့ ရှားစောင်းလက်ပတ်ကို အသုံးပြုပြီး ဗောက်ပြဿနာကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ဟာ ဦးရေပြားယားယံခြင်းနဲ့ ခြောက်သွေ့ခြင်းတွေကို သက်သာစေပြီး ဦးရေပြားအစိုဓာတ်ကို ပြန်လည်မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သဘာဝအတိုင်း ပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိလည်း ပါဝင်တာကြောင့် မှိုနဲ့ဘက်တီးရီးယားတွေကို သေစေနိုင်မှာပဲ ဖြစ်ပါတယ်။ အသုံးပြုနည်းကတော့ ရှားစောင်းလက်ပတ်ဂျယ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်နဲ့ ဆတူရောစပ်ပြီး သမအောင် မွှေပေးပါ။ ထို့နောက် လာရတဲ့ ရှားစောင်းလက်ပတ်အနှစ်ကို ဦးရေပြားအနှံ့ လိမ်းပေးပါ။ ၁၅ မိနစ်လောက် ထားပြီးရင်တော့ ခေါင်းလျှော်ချလိုက်လို့ရပါပြီ။ ဗောက်တွေ ကြောင့်ဖြစ်ပေါ်လာတဲ့ ဦးရေပြားယားယံခြင်းနဲ့ ဆံသားကွဲအက်ခြင်းတွေကို သက်သာစေဖို့ ဒီနည်းလမ်းကို တစ်ပတ်လျှင် ၂ ကြိမ်ခန့် အသုံးပြုပေးနိုင်ပါတယ်။

နည်းလမ်း (၃)

Yogurt And Lemon

Photo : Cook for Your Life

နောက်ဆုံး နည်းလမ်းကတော့ သံပုယိုသီး ၊ ဒိန်ချဉ်နဲ့ ပျားရည် ၃ မျိုးကို ရောစပ်အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ ဒိန်ချဉ်မှာပါတဲ့ သဘာဝအင်ဇိုင်းတွေနဲ့ အက်ဆစ်ဓာတ်တွေက ဗောက်တွေကို ရှင်းလင်းဖယ်ရှား ပေးနိုင်ပါတယ်။ အလားတူ ပျားရည်မှာလည်း ပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် ဦးရေပြားပေါ်မှာရှိတဲ့ မှိုနဲ့ ဘက်တီးရီးယားတွေကို ရှင်းထုတ်ပေးနိုင်စွမ်း ရှိပါတယ်။ အသုံးပြုနည်းကတော့ ဒိန်ချဉ်စားပွဲတင်ဇွန်း ၂ ဇွန်း ၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းခန့်တို့ကို ရောစပ်ပြီး သမအောင် မွှေပေးပါ။ ရလာတဲ့ အနှစ်ကို ဦးရေပြားအနှံ့သေချာစွာ လိမ်းကျံပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ မိနစ် ၂၀ လောက် ထားပြီးရင်တော့ ပုံမှန်အသုံးပြုနေကျ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်လို့ ရပါပြီ။ တစ်ပတ်ကို ၂ – ၃ ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့ ဗောက်တွေ ရှင်းပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကိုရရှိမှာ ဖြစ်ပါတယ်။

Featured Photo : Medical News Today