မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာကတော့ ဗုဒ္ဓဟူးနေ့မှာ ဘန်လေနဲ့ ကစားသွားမယ့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်အတွင်း တိုက်စစ်မှူး ဟာလန်း တစ်ယောက် ပြန်လည်ကစားခွင့်ရရှိမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

Erling Haaland

Photo : The Independent

နည်းပြ ပက်ဂွါဒီယိုလာဟာ ဟာလန်းအနေနဲ့ ဒဏ်ရာအခြေအနေ ပြန်လည်သက်သာလာပြီး ယခုတစ်ပတ်ထဲမှာ ဘောလုံးပြန်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း စပါးနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ် မတိုင်မီကတည်းက ပြောကြားခဲ့တာပါ။

ဟာလန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က အက်စတွန်ဗီလာကို ၁ – ၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ခြေထောက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး မန်စီးတီးအသင်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် ၁၀ ပွဲလုံးကို လွဲချော်ခဲ့ပါတယ်။

” ဟာလန်း က ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ကစားသမားတစ်ယောက်ဆိုတာ သေချာပါတယ်။ နှစ်လလောက် နားလိုက်ရပေမယ့် သူအခု ပြန်သက်သာနေပါပြီ။ ဒီနေ့ နေ့လည်မှာ အသင်းနဲ့လေ့ကျင့်ရေး ပြန်ဆင်းထားပြီး နက်ဖြန်မှာတော့ ကျွန်တော်တို့ အားလုံးနဲ့ သူ အတူတူရှိနေမှာပါ” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလထဲမှာ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ပွဲစဉ် ၇ ပွဲကစားရမယ့် ပွဲကြပ်ကာလအတွင်း ဟာလန်း ပြန်လာနိုင်တာဟာ မန်စီးတီးအသင်းအတွက်တော့ အတော်လေး အထောက်အကူ ဖြစ်စေမှာ သေချာပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူး ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲကစားထားပြီး သွင်း ၁၉ ဂိုး သွင်းယူပေးထားကာ ဒဏ်ရာမရရှိခင် ပရီးမီးယားလိဂ် ၁၅ ပွဲလုံးကို ပွဲထွက် ကစားခွင့်ရခဲ့ပါတယ်။

Erling Haaland

Photo : Evening Standard

မန်စီးတီးဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်အသင်းရဲ့နောက် ၅ မှတ်အကွာ တစ်ပွဲလျော့ ကစားထားပါတယ်။

Featured Photo : The Athletic