ယခုလအတွင်း ရီးရဲလ်မက်ဒရစ်နဲ့ ဂီတာဖေးတို့ တွေ့ဆုံခဲ့တဲ့ ပွဲစဉ်အတွင်း ရီးရဲလ်ကြယ်ပွင့် ဘယ်လင်ဟမ်က မေဆင် ဂရင်းဝုဒ် ကို ” မုဒိမ်းကောင် ” လို့ ပုတ်ခတ်ပြောဆိုခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပါတယ်။

Mason Greenwood Jude Bellingham

Photo : Footgolf Frenzy

အဆိုပါဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ရီးရဲလ်ကြယ်ပွင့်ဟာ ပြစ်မှုထင်ရှားတယ်ဆိုပါက စပိန်ဘောလုံးအဖွဲ့ချုပ်က ချမှတ်တဲ့ ပြစ်ဒဏ် ခံရနိုင်ခြေ ရှိနေတာပါ။ အသက် ၂၀ အရွယ် ရီးရဲလ်ကြယ်ပွင့် ဘယ်လင်ဟမ် က ဒီကိစ္စအပေါ် ရေငုံနှုတ်ပိတ်နေပေမယ့် ဂရင်းဝုဒ် ကတော့ စုံစမ်းစစ်ဆေးမှုတွေကို ရပ်ဆိုင်းစေလိုကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုထားပါတယ်။

” ဂရင်းဝုဒ် က ရီးရဲလ်ကြယ်ပွင့်ကို ပြစ်ဒဏ်မပေးစေလိုပဲ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။ သူက ဒီအခြေအနေကို လူသိရှင်ကြား မဖြစ်စေချင်ပဲ ဘောလုံးပဲ ကစားချင်တာပါ။ ဘယ်လင်ဟမ်လို ကစားသမားတစ်ယောက်ဆီက ဒီလို မမျှော်လင့်ထားတဲ့ စကားမျိုး ကြားရချိန်မှာတော့ သူအရမ်းစိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေအတွက် ပစ်မှတ်ဖြစ်လာနိုင်တယ်ဆိုတာ သူသိပြီးသားပါ။ ဒါကြောင့် သူ့ခံနိုင်ရည်ပိုရှိဖို့ လိုပါတယ်” လို့ သတင်းရင်းမြစ်တစ်ခုက ဆိုထားပါတယ်။

အသက် ၂၂ နှစ်အရွယ် ယူနိုက်တက် ကစားသမားဟာ မုဒိမ်းမှုကျူးလွန်ဖို့ ကြိုးပမ်းမှုအပါအဝင် ကိုယ်ထိလက်ရောက် နှိပ်စက်ညင်းပန်းမှု ၊ အတင်းအကြပ် ထိန်းချုပ်စေခိုင်းမှုစတဲ့ စွဲချက်တွေနဲ့ အမှုရင်ဆိုင်နေရတဲ့ အခြေအနေကနေ လွတ်မြောက်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ယူနိုက်တက် အသင်းကနေ ဂီတာဖေးကို အငှားနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Mason Greenwood Jude Bellingham

Photo : Sky Sports

လက်ရှိမှာတော့ ဂရင်းဝုဒ်ဟာ သူ့ချစ်သူ ၊ ကလေးနဲ့အတူ စပိန်မှာ အခြေချနေထိုင်လျက် ရှိပါတယ်။ ဒီရာသီ ဂီတာဖေးအသင်းအတွက် လိဂ်ပွဲ ၂၅ ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုထားနိုင်ခဲ့ပြီး ခြေစွမ်းပြနေတဲ့ အင်္ဂလန်သားကို ဘာစီလိုနာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။

Featured Photo : The Sun