ခရစ္စတီယာနို ရော်နယ်ဒို ဟာ စနေ့နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားနိုင်တယ်လို့ သူ့ရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေတဆင့် အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

Photo : talkSPORT

ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့အပတ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ ပရီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်မှာ ကစားသမားအသစ် အဲရစ်ဆင်ကို ပွဲထွက်ကစားခွင့်ပေးခဲ့ပေမယ့် အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင် ကြယ်ပွင့်ကတော့ အရန်ခုံမှာသာ ထိုင်ခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ကတော့ ရော်နယ်ဒို အနေနဲ့ ကြံ့ခိုင်မှုအားနည်းနေသေးတာကြောင့်လို့ ဆိုခဲ့ပြီး ပွဲစဉ်ဒုတိယပိုင်းမှာ သရဲနီတွေဘက်က ပိုမိုကောင်းမွန်တဲ့ ပုံစံနဲ့ ကစားနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဘော်လွန်းဒီအော် ၅ ဆုရှင်ဟာ အသင်းကနေ ထွက်ခွာလိုကြောင်း ပြောကြားခဲ့ပြီးနောက် ယခုနှစ်နွေရာသီအတွင်း ယူနိုက်တက်အသင်းနဲ့ ရော်နယ်ဒိုတို့ကြားက ဆက်ဆံရေးမှာ အဆင်မပြေမှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာဟာ ရော်နယ်ဒိုအနေနဲ့ အသင်းကထွက်ခွာလိုတဲ့ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်တယ်လို့ ဆိုလိုပါတယ်။

ရော်နယ်ဒိုဟာ မိသားစုအကြောင်းပြချက်ကြောင့် ထိုင်းနဲ့ သြစတြေးလျ ရာသီကြိုခြေစမ်းပွဲတွေကို လွဲချော်ခဲ့ပြီး ပရီးယားလိဂ်အဖွင့်ပွဲစဉ် မတိုင်ခင်ကတည်းက အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လနောက်ဆုံးပတ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗယ်လက်ကာနိုနဲ့ ရာသီကြိုခြေစမ်းပွဲမှာလည်း ၄၅ မိနစ်သာ ပါဝင်ကစားခွင့်ခဲ့ရခဲ့ပြီး ပွဲစဉ် ဒုတိယပိုင်းမှာ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။


Photo : Football Club FC

အဲ့ဒီနောက်မှာတော့ ပေါ်တူဂီစတားက တွစ်တာမှာ “Hard work always pays off” ဆိုတဲ့ခေါင်းစဉ်နဲ့အတူ လေ့ကျင့်ရေးဆင်းနေတဲ့ ပုံကို တင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြတန်ဟတ်ကတော့ စနေနေ့မှာ ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ ရော်နယ်ဒိုကို ထည့်သွင်းကစားဖို့ ပြင်ဆင်နေပုံရပြီး ဒါကလည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ အန်သိုနီ မာရှယ် အပေါ်မူတည်ပြီး ဆုံးဖြတ်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။ မာရှယ်ဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ အကောင်းမွန်ဆုံး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာပဲ ဖြစ်ပါတယ်။

Featured Photo : talkSPORT