အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် မာဂယ်ဟေးစ် ကတော့ ဒဏ်ရာ အခြေအနေကြောင့် ဘရာဇီးအသင်းကနေ နှုတ်ထွက်လိုက်ပြီး လက်ရွေးစင်အသင်းနဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ ပါဝင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Gabriel

Photo : talkSPORT

အဆိုပါ သတင်းကို ဘရာဇီးအသင်း နည်းပြ ဒေါရေဘယ် ဂျူနီယာ ကိုယ်တိုင် ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အတည်ပြု ပေးသွားခဲ့တာဖြစ်ပြီး ဘရာဇီးသားရဲ့ ဒဏ်ရာအခြေအနေ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

အသက် ၂၆ နှစ်အရွယ် နောက်ခံကစားသမားဟာ ဘရာဇီးအသင်းအတွက် ၆ ပွဲ ပါဝင် ကစားပေးထားပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က ပေါ်တိုကို အနိုင်ရခဲ့တဲ့ ဂန်းနားတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မိနစ် ၉၀ ပြည့် ဝင်ရောက်ကစားခဲ့ပါတယ်။

ဂါဘရီရယ် ဟာ အင်္ဂလန်နဲ့ စပိန်တို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် နိုင်ငံတကာ ခြေစမ်းပွဲတွေအတွက် လက်ရွေးစင်အသင်းကနေ ဆင့်ခေါ်ခြင်းခံခဲ့ရပေမယ့် အခုလက်ရှိမှာတော့ ခြေဖဝါးဒဏ်ရာကြောင့် အသင်းကနေ နှုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။

Gabriel

Photo : X.com

လိုင်လီ နောက်ခံလူဟောင်း ဂါဘရီရယ် မာဂယ်ဟေးစ်ဟာ ဒီနှစ်ရာသီ နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ပါဝင်ကစားပေးထားပြီး လာမယ့် မတ် ၃၁ ရက်နေ့မှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်အတွင်း ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။

အာဆင်နယ် အသင်းဟာ ဘရာဇီးနောက်ခံလူ ဂါဘရီရယ်ကို လိုင်လီ အသင်းကနေ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက ပြောင်းရွေ့ကြေး ပေါင် ၂၇ သန်းနဲ့ ခေါ် ယူခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : BBC