မန်စီးတီး တိုက်စစ်မှူး ဟာလန်း ဟာ ဒဏ်ရာ အခြေအနေကြောင့် ကြာသပတေးနေ့ညမှာ ဘရိုက်တန်အသင်းနဲ့ ကစားသွားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်သွားရမှာ ဖြစ်တယ်လို့ နည်းပြ ပတ်ဂွာဒီယိုလာ က အတည်ပြုပေး လိုက်ပါတယ်။

Erling Haaland

Photo : Goal.com

အသက် ၂၃ နှစ်အရွယ် နော်ဝေဂိုးသွင်းစက်ဟာ ပြီးခဲ့တဲ့အပတ်က ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဒဏ်ရာရရှိ သွားခဲ့တာ ဖြစ်ပြီး စနေနေ့ညက ချဲလ်ဆီးနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ကိုပါ  လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

” ဘရိုက်တန်နဲ့ပွဲအတွက် ဟာလန်း အဆင်သင့် မဖြစ်သေးပါဘူး။ ဒဏ်ရာ အခြေအနေက ဆိုးဆိုးရွားရွား မဟုတ်ပေမယ့် ဒီပွဲမှာ သူ့ကို ပွဲထွက်ကစားခွင့် ပြုသွားမှာ မဟုတ်ပါဘူး ” လို့ မန်စီးတီး နည်းပြ ပတ်ဂွာဒီယိုလာ က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းဟာ မန်စီးတီး အသင်းအတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ၆ ပွဲခန့် ပွဲထွက်ကစားခွင့် လွဲချော်ခဲ့ရပါတယ်။ နော်ဝေ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဖေဖော်ဝါရီလတွေ အတွင်းမှာ ခြေဖဝါးဒဏ်ရာကြောင့် ၂ လနီးပါးခန့် အနားယူခဲ့ရတာ ဖြစ်ပြီး ယခုလ အစောပိုင်းတုန်းက အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာလည်း ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

Erling Haaland

Photo : Goal.com

မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းနဲ့ ကွင်းလယ်ကစားသမား ဖိုဒန်တို့ကတော့ ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး ယခုလ ၂၈ ရက် တနင်္ဂနွေနေ့မှာ ကစားမယ့် နော်တင်ဟမ်ဖောရက်နဲ့ ပွဲစဉ်မှာတော့ တိုက်စစ်မှူး ဟာလန်း ပြန်လာနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်။

Featured Photo : Goal.com