မိတ်ဆွေတို့ရေ အခုလက်ရှိ မိမိ ရှင်သန်နေထိုင်နေတဲ့ ဘဝကို စိတ်ကျေနပ်မှု ရှိပါသလား။ ဒါမှမဟုတ် နေ့စဉ်ပုံမှန်လည်ပတ်မှုတွေထဲမှာ ပိတ်မိနေပြီး ရှင်သန်နေရတာ အဓိပ္ပါယ်မရှိသလို ခံစားနေရပါသလား။ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးနဲ့ ရင်ဆိုင်ရပြီးမှ ဘာကိုမှ ခံစားမှုမရှိတော့ဘဲ ဘဝဟာ အသက်မဲ့နေသလို ဖြစ်နေပါသလား။ ဒီလို ခံစားချက်မျိုးကို လူတော်တော်များများ ခံစားဖူးမယ် ထင်ပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ ရှင်သန်နေရတဲ့ လူ့ဘဝက အချိန်တိုတိုလေးပါ။ ဒီအချိန်လေးအတွင်းမှာ ဘယ်သူမဆို မိမိရဲ့ဘဝကို အဓိပ္ပါယ်ရှိစွာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသင့်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ဖို့ နှလုံးမူရမယ့် နည်းလမ်းကောင်းလေး (၃) ခုကို ဝေမျှပေးချင်ပါတယ်။
အခြားသူများကို တန်ဖိုးထားပြီး ကိုယ့်ကိုတန်ဖိုးထားသူများနဲ့ ဝန်းရံပါ
Photo : Luxury Rehabs
မိတ်ဆွေတို့မှာ တန်ဖိုးထားရမယ့် သူတွေရှိပါသလား။ လူတိုင်းဟာ မိဘ၊ မောင်နှမ၊ ဆွေမျိုး၊ သူငယ်ချင်း၊ အိမ်ထောင်ဖက်၊ ချစ်သူစသည်ဖြင့် ကိုယ့်အပေါ်တန်ဖိုးထားတဲ့ သူတွေရှိသလို၊ ကိုယ်ကတန်ဖိုးထားရမယ့်သူတွေလည်း ရှိပါတယ်။ တစ်ခါတစ်ရံမှာ လူတွေက ကိုယ့်အပေါ်မှာ တန်ဖိုးထားတဲ့ သူတွေကို ပြန်လည်တန်ဖိုးထား ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ထိုသူများနဲ့ ဝေးကွာသွားတဲ့ အခါမှ ထိုသူများရဲ့ ချစ်ခြင်းမေတ္တာနဲ့ တန်ဖိုးကို ခံစားမိတတ်ကြပါတယ်။ တန်ဖိုးထားမှုဆိုတာက စစ်မှန်တဲ့ ပိုင်ဆိုင်ခြင်းဖြစ်ပြီး ချစ်ခြင်းမေတ္တာကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်အတွက် တန်ဖိုးထားရမယ့်သူတွေ ရှိခြင်းက နွေးထွေးပြီး ဘဝရဲ့ အဓိပ္ပါယ်တစ်ခုပါ။ ဒါကြောင့် ထိုသူများကို တန်ဖိုးထားပါ၊ ကိုယ့်ဘဝကိုလည်း ကိုယ့်ကိုတန်ဖိုးထားသူများနဲ့ တည်ဆောက်ပါ။
ရည်မှန်းချက် ပန်းတိုင်ကို ရှာဖွေပါ
Photo : Consulting Center
ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းဖို့ ဆိုရင် ကိုယ်အမှန်တကယ် လိုချင်၊ ဖြစ်ချင်တဲ့ အရာ သို့မဟုတ် ဘဝပန်းတိုင်ကို သိဖို့လိုပါတယ်။ ကိုယ်လိုချင်တဲ့အရာကို သေချာမသိတာက ပန်းတိုင်ကို မသိတာနဲ့ အတူတူပါပဲ။ ရည်မှန်းချက်ပန်းတိုင် မရှိတဲ့ ဘဝက ကြိုးပျက်နေတဲ့ စွန်လို အဓိပ္ပါယ်မရှိ လေနှင်ရာ လွင့်နေတာနဲ့ တူပါတယ်။ ဒါ့ကြောင့် မိမိကိုယ်တိုင်အတွက် ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရှာဖွေပါ။ ရည်မှန်းချက်ရှိပြီး ပန်းတိုင်ရောက်အောင် ကြိုးစားခြင်းက ဘဝမှာ မျှော်လင့်ချက် အပြည့်နဲ့ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းခြင်း တစ်မျိုးပါပဲ။
ပျော်စရာလေးတွေ ရှာဖွေပါ
Photo : Psychology Today
ကိုယ့်ရဲ့ နေ့ရက်တွေကို ပျော်ရွှင်မှုလေးများဖြင့် ဖြတ်သန်းတာကလည်း ဘဝကို အဓိပ္ပါယ်ရှိစေနိုင်ပါတယ်။ ဘဝက တိုတိုလေးဖြစ်တဲ့အတွက် အဆိုးတွေ တွေးမိနေတယ်၊ ကိုယ့်ရဲ့ အတွေးအမြင်တွေက အပျက်သဘောဘက် ရောက်နေတယ်ဆိုရင် သတိမူပြီး ထိုထဲက ရုန်းထွက်လိုက်ပါ။ ကိုယ့်ရဲ့ဘဝမှာ ကောင်းတဲ့အရာအားလုံးကို အလေးပေး တန်ဖိုးထားခြင်းဖြင့် ပျော်ရွှင်မှုကို ရှာဖွေနိုင်ပါတယ်။ ဒ့ါအပြင် ကိုယ့်ရဲ့ ဝါသနာ၊ သူငယ်ချင်း၊ မိဘဆွေမျိုးတွေ၊ ချစ်ရသူတွေထံမှလည်း ပျော်ရွှင်မှုကို ခံစားရနိုင်ပါတယ်။ ပျော်ရွှင်မှုကို ဘဝရဲ့ ကြီးကြီးမားမား အခိုက်အတန့်တွေထဲမှာမှ မဟုတ်ပါဘူး၊ ရိုးရှင်းတဲ့ နေ့စဉ် အခိုက်အတန့်တွေထဲမှာလည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ပစ္စုပ္ပန်အခိုက်အတန့်လေးတွေတိုင်းမှာ စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်မှု ကို ရှာဖွေဖန်တီးရင်း ဘဝမှာ အဓိပ္ပါယ်ရှိဖို့ သင်ယူပါ။
မိတ်ဆွေတို့ရေ လူတိုင်းက ဘဝရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ခြင်းမတူသလို ရှင်သန်နေထိုင်တဲ့ ပုံစံခြင်းလည်း မတူကြပါဘူး။ သို့သော်လည်း ကိုယ်ရှင်သန်နေစဉ် တစ်လျှောက် အဓိပ္ပါယ်ရှိပြီး ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုအပေါ် အခြေခံပြီး ဖြတ်သန်းသင့်ပါတယ်။ ဒီဆောင်းပါးလေးက ဘဝ အဓိပ္ပါယ်မဲ့နေသလို ခံစားနေရတဲ့ မိတ်ဆွေတို့အတွက် အထောက်အကူလေး ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
Source : Make it
Featured Photo : Good Men Project