မိတ်ဆွေတို့ ဘဝမှာ ရှင်သန်နေရတာ ပင်ပန်းနေပြီလား။ လူတိုင်းက တစ်ခါလောက်တော့ ရှင်သန်ရတာ ပင်ပန်းလိုက်တာလို့ တွေးမိကြမှာပါ။ လူတွေက ဆက်လက်ပြီး ရှင်သန်လိုစိတ်မရှိတော့တာဟာ ကိုယ်ချစ်ခင်ရသူတွေ ဆုံးရှုံးတာ၊ ကိုယ်မျှော်မှန်းထားသလို ဖြစ်မလာတာ၊ ဘဝမှာ စိတ်ဝင်စားစရာမရှိလို့ နေထိုင်ရတာ ငြီးငွေ့လာတာ၊ စိတ်ဒဏ်ရာ ကြီးကြီးမားမား ရရှိတာ၊ ဘာပဲလုပ်လုပ် အဆင်မပြေဖြစ်တာ စတဲ့အကြောင်းအရင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါမှာ ဘာမှလုပ်ချင်စိတ်မရှိတော့ဘဲ အရင်က ကိုယ်စိတ်ဝင်စားတဲ့အရာတွေကိုတောင် လုပ်ရတာ မပျော်တာမျိုး ဖြစ်လာပြီး စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာတာ ပြင်းထန်လာတဲ့အခါ အသက်ရှင်ရတာကို အရှုံးပေးလာတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီလို ဘဝမှာ ရှင်သန်နေရတာ ပင်ပန်းနေတဲ့ မိတ်ဆွေတို့အတွက် ရှေ့ဆက်လျှောက်နိုင်ဖို့ အထောက်အကူဖြစ်စေမယ့် အကြောင်းအရင်းအချို့ကို ဝေမျှပေးချင်ပါတယ်။
အရာရာက ပြီးဆုံးသွားမှာပါ

Photo : Jဝhnny Boy Marketing
မိတ်ဆွေတို့ရေ ဘဝမှာ အမြဲတမ်းအဆင်ပြေ ချောမွေ့နေတယ်ဆိုတာမျိုး မရှိပါဘူး။ အနိမ့်အမြင့်၊ အတတ်အကျ၊ ပျော်ရွှင်မှု ဝမ်းနည်းမှု စတာတွေနဲ့ ပြည့်နေတာပါ။ လူတစ်ယောက်စီတိုင်းမှာ အကြောင်းအရာ မတူညီနိုင်သော်လည်း အသက်ဆက်ရှင်ဖို့ အားမရှိလောက်အောင်ပင်ပန်း ဝမ်းနည်းတဲ့ အချိန်တွေ ရှိခဲ့ဖူးကြမှာပါ။ သို့သော်လည်း ကြိုးစားပြီး ဆက်လက်ရှင်သန်ပါ။ ဒါတွေက အချိန်တန်တဲ့အခါ ပြီးဆုံးသွားတာ တွေ့ရမှာပါ။ ဘယ်အရာမှ အကြာကြီး မတည်မြဲပါဘူး။ မိတ်တွေတို့ စိတ်ထဲမှာ ထိုအကြောင်းအရာတွေနဲ့ နစ်မြှပ်မနေဖို့တော့ လိုပါတယ်။ ဒါ့ကြောင့် အခုအချိန်မှာ အရမ်းပင်ပန်းနေလည်း တစ်ချိန်မှာ ဒီလိုအဆင်မပြေမှုတွေက ပြီးဆုံးသွားမှာဆိုတဲ့ စိတ်နဲ့ အားတင်းပြီ’ ဆက်လျှောက်ပါ။
ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်ယူပါ

Photo : Abide App
တစ်ခါတစ်လေမှာ ကျွန်တော်တို့ တွေ့ကြုံခံစားရတဲ့ အခက်အခဲတွေ၊ ပင်ပန်းမှုတွေက ခဏလေးတော့ မပျောက်ကွယ်နိုင်ပါဘူး။ ဒီလို အခြေအနေကို ဖြတ်ကျော်ဖို့ အချိန်တစ်ခုလိုအပ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်ခဏပေးပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်အောင်၊ နားလည်အောင်ကြည့်ပါ။ ဒီလို အချိန်ခဏပေးလိုက်ခြင်းဖြင့် ကွီးတို့ရင်ဆိုင်နေရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေလျော့ဖို့၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ နည်းလမ်းကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။
အကောင်းမြင်စိတ်ကို မွေးမြူပါ

Photo : Live Bold and Bloom
မိတ်ဆွေတို့ရေ မကောင်းမြင်စိတ်တွေ၊ အပျက်သဘောဆောင်တဲ့စိတ်တွေက စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ပိုပြီးဆိုးဝါးတဲ့ အဆင့်ကို ရောက်ရှိစေပါတယ်။ ဘဝက တိုတိုလေးဖြစ်တဲ့အတွက် အဆိုးတွေ တွေးမိနေတယ်၊ ကိုယ့်ရဲ့ အတွေးအမြင်တွေက အပျက်သဘောဘက် ရောက်နေတယ်ဆိုရင် သတိမူပြီး ထိုထဲက ရုန်းထွက်လိုက်ပါ။ အပြုသဘောဆောင်တဲ့စိတ် တစ်နည်းအားဖြင့် အကောင်းမြင်စိတ်ကို ထားရှိပြီး ကိုယ့်ဘဝရဲ့ ကောင်းတဲ့ဘက်ခြမ်းကို မြင်အောင်ကြည့်ပါ။
ချစ်ခင်ရသူများထံမှ ပွင့်ပွင့်လင်းလင်းရင်ဖွင့်ပါ

Photo : WELCOA
အသက်ရှင်သန်နေရတာ အရမ်းပင်ပန်းနေပြီလို့ စဉ်းစားမိရင် ကိုယ်ချစ်ခင်တဲ့သူတွေ၊ ကိုယ်တန်ဖိုးထားရတဲ့ သူတွေကို တွေးကြည့်လိုက်ပါ။ ကိုယ့်အတွက် တန်ဖိုးထားရမယ့်သူတွေ ရှိခြင်းက နွေးထွေးပြီး ဘဝရဲ့ အဓိပ္ပါယ်တစ်ခုဖြစ်ကာ ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ဖြေလျှော့နိုင်ပါတယ်။ သူငယ်ချင်း၊ မိဘဆွေမျိုးတွေ၊ ချစ်ရသူတွေထံမှ အားပေးမှုနဲ့ ဘဝကို ရှေ့ဆက်လျှောက်ဖို့ ခွန်အားကို ရရှိစေပါတယ်။ ဒါ့ကြောင့် ချစ်ခင်ရသူတွေထံကို မိတ်ဆွေတို့ရဲ့ အခက်အခဲတွေ၊ ရင်ဆိုင်တွေ့ကြုံနေရမှုတွေကို ရင်ဖွင့်ဖို့ မတွန့်ဆုတ်ပါနဲ့။
ဘဝက တစ်ခါတစ်လေမှာ မထင်မှတ်ထားတဲ့ အရာတွေ၊ ကိုယ်မမျှော်လင့်တဲ့ တုန်လှုပ်စရာ အတွေ့အကြုံတွေကို ကြုံတွေ့ခံစားရနိုင်ပါတယ်။ ဒီလို အခြေအနေတွေနဲ့ ကြုံတွေ့ရပြီး ဘဝမှာ ရှင်သန်နေရတာ အရမ်းပင်ပန်းလာတဲ့အခါမှာ ဒီအချက်လေးတွေက မိတ်ဆွေတို့အတွက် အထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။
Featured Photo : Love Around Blog
