လူတစ်ယောက်ရယ်လို့ ဖြစ်လာပြီဆိုရင် ရှင်သန်ရာဘဝတစ်လျှောက်လုံးမှာ ကိုယ်ဖြစ်ချင်တဲ့ ပုံစံ၊ လိုချင်တဲ့ပန်းတိုင်၊ တတ်လှမ်းချင်တဲ့ အောင်မြင်မှုစတဲ့ တစ်ခု ဖြစ်စေ၊ တစ်ခုထက်ပိုသော ရည်မှန်းချက်တွေ ဖြစ်စေ ရှိသင့်ပါတယ်။ ဒါမှသာ အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ အောင်မြင်မှုတွေ၊ နေရာတွေ ရရှိပိုင်ဆိုင်နိုင်မှာပါ။ ဘဝရည်မှန်းချက် ဆိုတာက တစ်ခါတစ်လေမှာ ရေရှည်အတွက် ဖြစ်သလို၊ တစ်ခါတစ်လေမှာ အချိန်အပိုင်းအခြားတစ်ခုအတွက်ပဲ ဖြစ်တတ်ပါတယ်။ အဓိကကတော့ ရည်မှန်းချက် ရှိဖို့ပဲ လိုတာပါ။ ဘဝ ရည်မှန်းချက်မရှိသူတွေရဲ့ ဘဝက ကြိုးပြတ်နေတဲ့ စွန် လိုပါပဲ။ လေနှင်ရာ လွင့်မြောပြီး ခိုင်မာတဲ့ အောင်မြင်မှု၊ နေရာတွေကို ရရှိပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။

ရိုးရိုးရှင်းရှင်းပြောရရင်တော့ဖြင့် ဘဝရည်မှန်းချက် ဆိုတာ မရှိမဖြစ် ထားရှိရမဲ့ ပန်းတိုင်တစ်ခုဖြစ်ပြီး ထိုပန်းတိုင်သို့ တစိုက်မတ်မတ် လျှောက်လှမ်းခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့ ဘဝမှာ ကိုယ်အမှန်တကယ် လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ထားရှိနိုင်ဖို့နဲ့ ဘဝ ရည်မှန်းချက်မရှိဘဲ ကြိုးပြတ်နေတဲ့ စွန် လို မဖြစ်ရအောင် နည်းလမ်းကောင်းလေးတွေကို ဒီဆောင်းပါးလေးကနေ ဝေမျှပေးချင်ပါတယ်။

(၁) ကိုယ် ဘယ်အရာကို စိတ်အားထက်သန်လဲဆိုတာ စဉ်းစားပါ

ဘဝ စွန်

Photo : SBI Growth Advisory

ကွီးတို့ရေ ဘဝ ရည်မှန်းချက် ပန်းတိုင်ကို ဘယ်လိုချမှတ်ရမလဲဆိုတဲ့ လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းကတော့ ကွီးတို့ကို စိတ်အားထက်သန်စေတဲ့အရာနဲ့ ကွီးတို့ရဲ့ တန်ဖိုး၊ ကိုယ့်အတွက် အဓိပ္ပါယ်ရှိတာ ဘာလဲဆိုတာကို အရင်ဆုံး ဆုံးဖြတ်သင့်ပါတယ်။ ရေရှည်မှာ အောင်မြင်ချင်တယ်ဆိုရင်တော့ ကွီးတို့ရဲ့ ရည်မှန်းချက်တွေကို စိတ်အားထက်သန်နေဖို့ လိုပါတယ်။ ဒါမှသာ ကွီးတို့ အနေနဲ့ ထိုရည်မှန်းချက် ပန်းတိုင်တွေဆီ အရောက်သွားနိုင်ဖို့ ပထမဆုံး ခြေလှမ်းကို စတင်နိုင်မှာပါ။

(၂) ဖြစ်နိုင်ခြေရှိသော အတားအဆီးများကို ဖော်ထုတ်ပါ

ဘဝ စွန်

Photo : Windows Report

ကွီးတို့အနေနဲ့ ရည်မှန်းချက် ပန်းတိုင်မရှိတာ ဘာကြောင့်တာလဲ။ ဘာကြောင့် ရည်မှန်းချက် ပန်းတိုင်ထားရှိဖို့ ခက်ခဲနေရတာလဲ အစရှိသဖြင့် ဖြစ်နိုင်ခြေရှိတဲ့ အတားအစီးတွေကို ကွီးတို့ ကိုယ်တိုင်ဖယ်ထုတ်ဖို့ အရေးကြီးပါတယ်။ ဒါ့မှသာ ကွီးတို့အလိုရှိရာ ရည်မှန်းချက် ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း ချမှတ်နိုင်မှာပါ။

(၃) ကိုယ့်ကိုယ်ကို ကတိတည်ပါ

ဘဝ စွန်

Photo : UpJourney

ဘဝမှာ ကွီးတို့လိုချင်တဲ့ ရည်မှန်းချက်တွေ ထားရှိပြီးသွားပြီဆိုရင် ထိုရည်မှန်းချက်များကို အောင်မြင်အောင် လုပ်ဆောင်မယ်ဆိုတဲ့ ကတိကို ကိုယ့်ကိုယ်ကို ပေးပါ။ ထိုကဲ့သို့ ကတိကဝတ်ပြုလုပ်ခြင်းက ကွီးတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်များဆီ လျှောက်လှမ်းဖို့ ပိုပြီး တွန်းအားဖြစ်စေပါတယ်။ ထို့အပြင် ထိုအရာကို ရအောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ခွန်အားများလည်း ရစေပါတယ်။ အကယ်၍ ကွီးတို့ ကိုယ့်ကိုယ်ကို ကတိပေးထားတဲ့အတိုင်း အချိန်အတိုင်းအတာတစ်ခု ကြာပြီးသည်အထိ မအောင်မြင်ပါက၊ ကွီးတို့ ရည်မှန်းချက်ပန်းတိုင်များကို ကာလရှည် သို့မဟုတ် ကာလတို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပြီး ထပ်မံကြိုစားသင့်ပါတယ်။ အလွယ်တကူ အရှုံးမပေးလိုက်ပါနဲ့။

(၄) ရည်မှန်းချက် ပန်းတိုင်ဆီ သွားရာလမ်းတစ်လျှောက်မှာ သင်ယူပါ

ဘဝ စွန်

Photo : Emeritus

ကွီးတို့ရေ ရည်မှန်းချက် ပန်းတိုင်များကို ချမှတ်လိုက်ပြီဆိုကတည်းက ကွီးတို့ ဘဝ မှာ ကြိုးပြတ်နေတဲ့ စွန် ကဲ့သို့ မဟုတ်ဘဲ တိကျတဲ့ လမ်းကြောင်း ရှိနေပါပြီ။ သို့သော်လည်း ထိုလမ်းကြောင်းကို အဆုံးထိ လျှောက်လှမ်းရာမှာ ကွီးတို့ရဲ့ ခြေလှမ်းများကို ဂရုစိုက်သင့်ပါတယ်။ ကွီးတို့ ရည်မှန်းချက် ခရီးစဉ် တစ်လျှောက် အောင်မြင်မှုလေးတွေကိုလည်း ကြုံတွေ့နိုင်မယ်၊ အခက်အခဲတွေလည်း ရင်ဆိုင်ရမယ်။ ထိုအရာတွေကနေ သင်ခန်းစာယူပြီး ပြင်ဆင်ဖို့လိုပါတယ်။ အရှင်းဆုံးပြောရရင်တော့ ကွီးတို့ရဲ့ အမှားတွေ၊ ကျရှုံးမှုတွေကနေ သင်ယူပါ။ ပြီးလျှင် ပြန်လည်ကြိုးစားပါ။

(၅) အပြုသဘောဆောင်သော အတွေးအမြင်ထားရှိပါ

life goal

Photo : Forbes

အပြုသဘောဆောင်တဲ့ အတွေးအမြင်ကို ပြုစုပျိုးထောင်တာဟာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်နဲ့ အောင်မြင်မှုရအောင် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ အဆိုးမြင်အတွေးတွေကို အပြုသဘောဆောင်တဲ့ အရာတွေနဲ့ အစားထိုးဖို့ အရေးကြီးပါတယ်။ ဘယ်လိုအခက်အခဲတွေကြုံလာပါစေ ဆက်ကြိုးစားဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးပါ။ အောင်မြင်မှုဆီသို့ လျှောက်လှမ်းရာတွင် ကွီးတို့က အသစ်သောအရာများကို သင်ယူနိုင်ပြီး ယခင်နှင့်မတူဘဲ တွေးတောလာနိုင်မှာပါ။ ကွီးတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေ၊ အောင်မြင်မှုတွေက နေ့ချင်းညချင်း ဖြစ်မလာနိုင်ပါဘူး။ ရည်မှန်းချက်ကြီးလေလေ၊ အခက်အခဲနဲ့ သင်ယူရတာတွေ များလေလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ အခက်အခဲတွေ၊ ကျရှုံးမှုတွေ စတဲ့ အရာအားလုံးအပေါ်မှာ အကောင်းမြင်စိတ်နဲ့ ကျော်ဖြတ်ဖို့ လိုပါတယ်။

(၆) ကိုယ့်ကိုယ်ကို ရိုးသားပါ

life goal

Photo : IFL Science

ဘာကြောင့် ရည်မှန်းချက် ပန်းတိုင်မရှိတာလဲ၊ ဘာကြောင့် ပျောက်ဆုံးနေရာတာလဲ ဒါမှမဟုတ် ဘာကြောင့် ရပ်တန့်နေရတာလဲ ဆိုတာနဲ့ ကိုယ့်ကိုယ်ကို ပတ်သတ်ပြီး ရိုးသားဖို့ လိုပါတယ်။ နားလည် သဘောပေါက်ပြီဆိုရင် ကိုယ့်ကိုယ်ကို အောင်မြင်မှုဆီသို့ တွန်းပို့ရန် အဖြေရှာဖို့ ကြိုးစားပါ။ ထို့နောက် ကိုယ့်ကိုယ်ကို ရိုးသားစွာဖြင့် ကိုယ်တတ်နိုင်တဲ့ ရည်မှန်းချက် အသေးလေးတွေကနေ ပြန်လည်စတင်ပါ။

အခုဖော်ပြပေးလိုက်တာကတော့ ဘဝ ရည်မှန်းချက် မရှိဘဲ ကြိုးပြတ်နေတဲ့ စွန် လို မဖြစ်ရလေအောင် လမ်းပြပေးနိုင်မဲ့ နည်းလမ်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း ဘဝရည်မှန်းချက် ကိုယ်စီနဲ့ တောက်ပတဲ့ အနာဂတ်တွေကို လျှောက်လှမ်းနိုင်စေဖို့ ဆန္ဒပြုရင်း……………………

Featured Photo : Best Life