ဒီလိုခံစားချက်ကို ခံစားနေရတာသည် သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းသည် မဝန်ခံချင်ကြပေမယ့်လည်း သူတို့ရဲ့ ဘဝ မှာ လမ်းပျောက် နေပြီလို့ ခံစားရတတ်ပါတယ်၊ ထိုကဲ့သို့ ခံစားရပြီဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက် များကိုသာ သတိရလိုက်ပါ။
အကုန်လုံး အဆင်ပြေသွားလိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးပါ
ဘယ်အရာမှ တစ်သတ်မှတ်တည်း ရှိမနေပါဘူး။ အနိမ့်အမြင့် အတက်အကျသည် တစ်လှည့်စီ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ သင်သည် ယခုအချိန်မှာ လမ်းပျောက်နေသလို ခံစားရပေမယ့် ဒီအခြေအနေ လွန်မြောက်သွားရင်တော့ ခံစားချက်အသစ်တွေကို ထပ်မံခံစားရမှာပါ။
လူတိုင်းမှာ စိတ်ဖိစီးမှုများ တစ်ယောက်တစ်မျိုးစီ ရှိကြပါတယ်။ အဆင်မပြေမှုကို ခံစားရတာသည်လည်း ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း လက်ခံရမှာဖြစ်ပြီး ထိုအခြေအနေကို အကောင်းဆုံးကျော်လွှားတတ်ဖို့လိုအပ်ပါတယ်။
ဒီလိုမျိုး လမ်းပျောက်တဲ့ခံစားချက်မျိုး မခံစားနိုင်လို့ဆိုပြီး လမ်းတစ်ဝက်မှာတင် လက်လျော့အရှုံးပေးလိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ဘဝသည် ဘယ်တော့မှ အရှေ့သို့ဆက်လက်တက်လှမ်းနိုင်မှာမဟုတ်တော့ပါဘူး။
ကိုယ့်ကိုယ်ကိုယ် လမ်းကြောင်း ပြန်လည်တည့်မတ်ပါ
စိတ်ညစ်တယ်မဟုတ်လား။ အဆုံးစွန်အထိ စိတ်ညစ်လိုက်ပါ။ ငိုကြွေးချင်ရင်လည်း အားရပါးရသာ ငိုကြွေးပစ်လိုက်ပါ။ ကိုယ့် ဘဝ မှာ အထီးကျန်သလို ခံစားနေရခြင်း၊ လမ်းပျောက် နေသလို ခံစားရခြင်းသည် သင်သည် တစ်စုံတစ်ရာကို ရှာဖွေနေကြောင်း ပြသနေတဲ့ အချက်ပဲဖြစ်ပါတယ်။
ဒီလိုအဆုံးစွန်အထိ ခံစားပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည့်မတ်ပေးလိုက်ပါ။ ကိုယ် ဘယ်သွားရမယ်၊ ဘာဆက်လုပ်ရမလဲဆိုတာကို အဖြေတွေ့သွားပါလိမ့်မယ်။ ဒါသည် သင့်အတွက် အကောင်းမွန်ဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
အမှန်တရားကို ရင်ဆိုင်ပါ
တစ်ခါတရံမှာ ကိုယ့်သူငယ်ချင်းတွေကို ကိုယ့်ဘေးနားမှာ ရှိနေစေပြီးနောက် ကိုယ်သည် အထီးမကျန်သလို ဟန်ဆောင်နေခြင်းသည် မှန်ကန်တဲ့နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ ကိုယ့်ရဲ့ခံစားချက်ကို အသိအမှတ်မပြုဘဲ အတင်းအကျန်မြှုပ်နှံနေတာနဲ့ တူပါတယ်။ ဒီလိုဆိုရင် ထိုအထီးကျန်ခြင်းသည် ယာယီခဏတာသာ ပျောက်ကွယ်သွားမှာဖြစ်ပြီး သင် မထင်မှတ်တဲ့အချိန်မှာ ပြန်ပေါ်လာမှာဖြစ်ပါတယ်။
တကယ်လို့သာ သင်သည် အရှိကို အရှိအတိုင်း လက်ခံကို အမှန်တရားကို ရင်ဆိုင်မယ်ဆိုရင်တော့ ဘဝမှာ လမ်းပျောက် သလို ခံစားနေရခဲ့ အချက် သည် အချိန်တိုအတွင်းမှာ အဖြေရှာကာ ကုသနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့သူတွေသည် ရှိတော့ရှိတယ် ရှားပါတယ်။ အချို့ကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲကြပြီး အချို့ကလည်း ကိုယ့်ကိုယ်ကိုယ် သံသယဝင်တတ်ကြပါတယ်။ ဒီလို သံသယဝင်တတ်ခြင်းသည်လည်း ကိုယ့်ရဲ့အထီးကျန်ခြင်း ခံစားချက်၊ လမ်းပျောက်တဲ့ ခံစားချက်ကို ပိုမိုဆိုးရွားလာစေပါတယ်။ ဘာလုပ်ရမှန်း မသိဘဲ ရည်မှန်းချက် ပျောက်နေသလို ခံစားနေရတဲ့ ခံစားချက်ရဲ့အစသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းရာကနေ မြစ်ဖျားခံလာတာဖြစ်ပါတယ်။
သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သံသယမဝင်ဖို့ ကြိုးစားရမှာပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ ယုံကြည်ပါ။ ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းကို အထင်မသေးပါနဲ့။ ဒါဆိုရင်တော့ ကိုယ့်ရဲ့လမ်းပျောက်နေတဲ့ ခံစားချက်ကို တဖြည်းဖြည်း အမြစ်ကနေ ဖယ်ဖျက်နိုင်မှာဖြစ်ပါတယ်။
ဒါ့ကြောင့် အရာအားလုံးကို အကောင်းဘက်က တွေးကြည့်ဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ယုံကြည်မှသာလျှင် အောင်မြင်မှုကို ဆွတ်ခူးနိုင်မှာမဟုတ်လား။
အကောင်းဆုံးကိုသာ ကြိုးစားပါ
ဒီအချက်သည်လည်း စောစောကအချက်နဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှသာလျှင် အကောင်းဆုံး ကြိုးစားနိုင်မှာဖြစ်ပါတယ်။ သင် လုပ်နိုင်တယ်ဆိုတာကို ယုံပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှသာလျှင် အကောင်းဆုံးကို လုပ်ဆောင်နိုင်မှာဖြစ်ပြီး အောင်မြင်ခြင်းတစ်ဝက်ကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။
အချိန်သည် တန်ဖိုးရှိတယ်ဆိုတာကို မေ့မသွားပါနဲ့
ကွီးတို့သည် ဘဝ မှာ လမ်းပျောက် နေတဲ့ ခံစားချက်ပင်လယ်ကြီးထဲ လွင့်မျောနေတဲ့အခါ အချိန်သည် အရေးကြီးတယ်ဆိုတဲ့ အချက် ကိုလည်း မေ့ထားလို့မရပါဘူး။ ကိုယ် စိတ်ဓာတ်ကျနေတဲ့ အချိန်အခိုက်အတန့်တစ်စက္ကန့်ချင်းစီသည် တဖြည်းဖြည်းတိုက်စားသွားမှာဖြစ်ပြီး ထိုခံစားချက်ရဲ့ သားကောင်အဖြစ်မခံမိပါစေနဲ့။
ထိုခံစားချက် ပင်လယ်ကြီးထဲမှာ လွင့်မျောသွားမယ့်အစား အရင်ဦးဆုံး နီးစပ်ရာ ကမ်းတစ်ခုသို့ ကူးခတ်သွားလိုက်ပါ။ ထိုကမ်းပေါ်မှာ ခြေတစ်ဖက် ချပြီးသွားပြီဆိုတာနဲ့ ဘာဆက်လုပ်ရမလဲဆိုတာ အစီအစဉ်ဆက်ဆွဲနိုင်ပါပြီ။
ဘဝမှာ အချိန်သည် အစားထိုးမရတဲ့အရာတွေထဲက တန်ဖိုးရှိတဲ့အရာတစ်ခုပဲဆိုတာကို မမေ့လိုက်ပါနဲ့။
ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲ
ဘဝမှာ သင် ကြုံတွေ့နေရတဲ့အရာတိုင်းးသည် သင့်ကို ဘဝသင်ခန်းစာပေးအပ်နေတာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ သင်သည် သင်ခန်းစာကို အလွယ်တကူ တတ်မြောက်သွားပေမယ့် ရံဖန်ရံခါမှာတော့ ဘယ်သင်ခန်းစာလဲဆိုတာကို သိရှိဖို့ရန်အတွက် အချိန်ယူရပါတယ်။ ဒါ့ကြောင့် ကိုယ်မျှော်လင့်မထားတဲ့ တစ်စုံတစ်ရာဖြစ်လာတယ်ဆိုရင်လည်း အဆိုးဖက်ကနေ မတွေးပါနဲ့။ အကောင်းဘက်သာ တွေးမြင်ကာ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့သာ မှတ်ယူထားလိုက်ပါ။
ကျွမ်းကျင်သူများထံ အကူအညီတောင်းပါ၊ အကြံဉာဏ်ရယူပါ
သင့်အနေနဲ့ တစ်ယောက်တည်း ဘယ်လိုမှ မခံစားနိုင်တော့ဘူးလို့ ယူဆနေမိပြီလား။ ဒါဆိုရင်တော့ သင်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သူငယ်ချင်းများထံ ရင်ဖွင့်ကြည့်ပါ။ အကြံဉာဏ်ရယူပါ။ ကိုယ့်ရဲ့အရင်းနှီးဆုံး သူများနဲ့ မတိုင်ပင်ချင်ဘူးဆိုရင်တော့ ကိုယ့်ထက် စီနီယာကျသူတွေရော ဘယ်လိုအတွေ့အကြုံများ ခံစားဖူးရသလဲ။ သူတို့ရော ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲဆိုတာကို အကြံဉာဏ်တောင်းယူနိုင်ပါတယ်။ ကိုယ့် ဘဝ မှာ လမ်းပျောက် တဲ့ ခံစားချက်က ဘယ်လိုမှ မခံစားနိုင်တော့ဘူးဆိုရင်တော့ ဒီ အချက် က အကောင်းဆုံးအချက်ပါပဲ။
Source: Lifehack
Featured Image: Pluralist