ရုပ်ရှင်ဇာတ်ကား တွေဟာ ဘဝနဲ့ပတ်သက်ပြီး သင့်ကို တွေးခေါ်မြော်မြင်နိုင်စွမ်းတွေ တိုးတက်စေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာအောင်၊ အကောင်းဘက်ကနေ လောကကြီးကို ရှုမြင်နိုင်အောင်၊ ဘဝမှာ ဘာက အရေးကြီးဆုံးလဲဆိုတာကို သိရှိလာအောင် ကူညီပေးနိုင်ပါတယ်။ အဲဒီလို ရုပ်ရှင် ဇာတ်ကား တွေက သိပ်တော့များများစားစား မရှိဘဲ ကြည့်ရှုသူတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာ တွေ ချန်ရစ်နိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၁၀ ကားကို ဖော်ပြပေးလိုက်ပါတယ်။

Bruce Almighty (2003)

Photo: Disneyplus

၁၀။ Bruce Almighty (2003)

အခက်အခဲတစ်ခုခု ကြုံလာတိုင်း ဘုရားသခင်ကိုပဲ စောဒကတက်တတ်တဲ့ လူတစ်ယောက်ကို ဘုရားသခင်က ကမ္ဘာကြီးကို ပုံမှန်လည်ပတ်နေအောင် လုပ်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာကို သိအောင် စွမ်းအားတွေ ပေးပြီး သင်ခန်းစာ ပေးထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။

Rocky (1976)

Photo: TVGuide

၉။ Rocky (1976)

ကမ္ဘာကျော် လက်ဝှေ့ဇာတ်ကားဖြစ်တဲ့ Rocky ဟာ ကိုယ့်ကိုကိုယ် လေးစားမှုရှိလာအောင် ကြိုးပမ်းနေတဲ့ ဖီလာဒဲလ်ဖီးယားက ဘောက်ဆင်သမားလေးတစ်ယောက်ဟာ အလွန်ကိုမှ ရှားပါးတဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံနဲ့ ထိုးသတ်ခွင့် ရရှိပြီး အောင်မြင်သွားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဘဝမှာ ကိုယ်ရူးသွပ်ခုံမင်တာကို တစိုက်မတ်မတ်လိုက်မယ်ဆိုရင် မဖြစ်နိုင်တာမရှိဘူးဆိုတာ သင်ခန်းစာ ပေးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

Like Stars on Earth (2007)

Photo: IMDb

၈။ Like Stars on Earth (2007)

အသက် ၈ နှစ်အရွယ် ကျောင်းသားလေးဟာ ပျင်းရိပြီး ပြဿနာမီးခွက်ထွန်းရှာတတ်တဲ့ ကလေးတစ်ယောက်လို့ ထင်မြင်ခံခဲ့ရပေမယ့်လည်း ကျောင်းမှာ စာလုပ်ဖို့ ရုန်းကန်နေရတဲ့ နောက်ကွယ်က ပြဿနာဇစ်မြစ်ကို ရှာဖွေဖို့ စိတ်ရှည်ရှည်နဲ့ ဇွဲကောင်းတဲ့ ဆရာသစ်တစ်ယောက်ကြောင့် ပြောင်းလဲသွားတဲ့ ဇာတ်ကား လေးပဲဖြစ်ပါတယ်။

Forrest Gump(1994)

Photo: IMDb

၇။ Forrest Gump (1994)

ဉာဏ်ရည် ၇၅ သာရှိတဲ့ အလာဘားမားက လူတစ်ယောက်က သမ္မတ ကနေဒီနဲ့ ဂျွန်ဆင်၊ ဗီယက်နမ်စစ်ပွဲ၊ ဝါးတားဂိတ်အရှုပ်တော်ပုံနဲ့ တခြား သမိုင်းဝင်အဖြစ်အပျက်တွေကို ၎င်းရဲ့ ရှုထောင့်ကနေ စိတ်ဝင်စားဖွယ် ပြန်ပြောင်းပြောပြတဲ့ဇာတ်ကားဖြစ်ပြီး သူ့ရဲ့ တစ်ခုတည်းသော ဆန္ဒက ကလေးဘဝကတည်းက ချစ်ခဲ့ရတဲ့ ကောင်မလေးနဲ့ ပြန်လည်ဆုံစည်းဖို့ဖြစ်ပါတယ်။

Crazy, Stupid, Love. (2011)

Photo: IMDb

၆။ Crazy, Stupid, Love. (2011)

သက်လတ်ပိုင်းအရွယ်ရောက်နေပြီဖြစ်တဲ့ ခင်ပွန်းတစ်ဦးရဲ့ဘဝဟာ ဇနီးသည်က ကွာရှင်းပြတ်စဲပေးဖို့ တောင်းဆိုတဲ့အချိန်မှာ ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး ၎င်းရဲ့ လူပျိုလူလွတ်ဘဝကို သူငယ်ချင်းသစ် ဂျေကော့ဘ်ရဲ့ အကူအညီနဲ့ ဘားတွေက မိန်းမချောလေးတွေကို ပိုးပန်းနည်းကို သင်ကြားရင်း ပြန်လည်ရှာဖွေတဲ့ဇာတ်ကားဖြစ်ပါတယ်။ အတွေ့အကြုံသစ်တွေကို သင်ယူဖို့ ဘယ်တော့မှ နောက်မကျဘူးလို့ ပညာပေးထားတဲ့ဇာတ်ကားဖြစ်ပြီး FA တွေအတွက်လည်း စိတ်ဓာတ်ခွန်အားဖြစ်စေမှာပါ။

Click (2006)

၅။ Click (2006)

အလုပ်ကို အလွန်အကျွံလုပ်တတ်တဲ့ ဗိသုကာပညာရှင်တစ်ဦးဟာ အချိန်ကို ရှေ့မြန်မြန်သွားနိုင်သလို နောက်ပြန်ရစ်နိုင်တဲ့ ရီမုတစ်ခုကို ရှာတွေ့ခဲ့ပြီး အဲဒီ ရီမုက ၎င်းရဲ့ရွေးချယ်မှုတွေကို ကလန်ကဆန်စလုပ်လာတဲ့အချိန်မှာ ဇာတ်ရှိန်က မြင့်လာပါတယ်။ ဒီ ဇာတ်ကား ဟာ အလုပ်ပဲ သည်းကြီးမည်းကြီးလုပ်ပြီး မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို အချိန်ပေးဖို့ မေ့နေတဲ့သူတွေအတွက် အချိန်ကို သေချာစီမံခန့်ခွဲတတ်ဖို့ သင်ခန်းစာပေးထားတာဖြစ်ပါတယ်။

The Pursuit of Happiness (2006)

Photo: IMDb

၄။ The Pursuit of Happiness (2006)

ရုန်းကန်နေရတဲ့ အရောင်းသမားတစ်ဦးဟာ ဇနီးဖြစ်သူရဲ့ လမ်းခွဲခြင်းကို ခံခဲ့ရပြီးနောက် လူမှန်းသိတတ်ခါစ သားတစ်ယောက်နဲ့ ဒုက္ခသုက္ခမျိုးစုံနဲ့ ဘဝကို ရုန်းကန်တိုက်ခိုက်ပြီး နောက်ဆုံးမှာတော့ လိုချင်တဲ့ အမြဲတမ်းဝန်ထမ်းအလုပ်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ဘဝမှာ ရုန်းကန်ရတဲ့အချိန်တွေရှိပေမယ့် အမှောင်ပြီးရင် ရောင်နီရောက်လာမယ်ဆိုတာ မမေ့ဖို့ သတိပေးထားတဲ့ ဇာတ်ကား လေးဖြစ်ပါတယ်။

The Bucket List (2007)

Photo: IMDb

၃။ The Bucket List (2007)

အသက်အရွယ် အိုမင်းပြီး ကင်ဆာရောဂါနဲ့ သေရမယ့်နေ့ကို စောင့်ဆိုင်းနေရတဲ့ အမျိုးသားကြီး ၂ ဦးဟာ မသေခင် လုပ်ချင်တဲ့ဆန္ဒတွေကို တိုင်ပင်မိရာကနေ ဆေးရုံကနေ လစ်ထွက်ပြီး ဘဝမှာ အလုပ်ချင်ဆုံးဆန္ဒတွေကို ပြည့်မြောက်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။ နေရတဲ့ခဏလေးမှာ သေခါနီးမှ မလုပ်လိုက်မိလေခြင်းလို့ နောင်တမရရအောင် ကိုယ်အလုပ်ချင်ဆုံးအရာတွေကို လုပ်ထားကြဖို့ သင်ခန်းစာ ပေးထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။

A Thousand Words (I) (2012)

Photo: IMDb

၂။ A Thousand Words (I) (2012)

မရိုးဖြောင့်တဲ့ အေးဂျင့်တစ်ဦးဟာ စကားလုံး ၁၀၀၀ ကျော် ပြောခဲ့ရင် သေစေနိုင်တဲ့ ကျိန်စာမိခဲ့ပြီး စကားတစ်လုံးပြောတိုင်း ခြံထဲက သစ်ပင်ကြီးဆီက သစ်ရွက်တစ်ရွက် ကြွေကျပါတယ်။ အဲဒီသစ်ပင်က သစ်ရွက်တွေ အကုန်ကြွေသွားရင် သေဆုံးရမှာဖြစ်တာကြောင့် စကားမပြောဘဲနေနိုင်အောင် ကြိုးပမ်းပြီး ကျိန်စာကို ဖျက်နိုင်မယ့်နည်းလမ်းကို ရှာဖွေတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီ ဇာတ်ကား လေးဟာ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းတိုင်းရဲ့နောက်မှာ မမျှော်လင့်ထားတဲ့ အကျိုးဆက်တွေရှိကြောင်းကို သင်ခန်းစာ ပေးထားတာဖြစ်ပါတယ်။

၁။ Eat Pray Love (2010)

လက်ထပ်ပြီးသား အမျိုးသမီးတစ်ဦးဟာ အိမ်၊ ခင်ပွန်းနဲ့ အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ ဘဝမှာ လိုချင်တာမှန်သမျှ ရခဲ့ပြီလို့ ထင်ခဲ့ပေမယ့် သူမရဲ့ အိမ်ထောင်ရေးဟာ ဘယ်လောက်တောင် ပျော်ရွှင်စရာမကောင်းဘူးလဲဆိုတာကို သိရှိသွားခဲ့ပြီးနောက် မတူညီတဲ့ ဦးတည်ချက်အသစ်နဲ့ ဘဝကို ဆက်သွားဖို့ လိုအပ်နေပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်။ နာကျင်ရတဲ့ ကွာရှင်းပြတ်စဲမှုအပြီးမှာ အဲဒီအမျိုးသမီးဟာ အီတလီ၊ အိန္ဒိယ၊ ဘာလီတို့ကို ခရီးထွက်ပြီး ကိုယ့်ကိုကိုယ် ရှာဖွေဖို့ ကြိုးပမ်းတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားက ပေးချင်တဲ့ သင်ခန်းစာ ဟာ ဘဝမှာ အလိုက်သင့် စီးမျောမနေဘဲ comfort zone ထဲကနေ ရုန်းထွက်ရဲတဲ့သတ္တိမွေးဖို့ ဖြစ်ပါတယ်။

Featured Photo: IMDb