အာဆင်နယ် နည်းပြ မီကယ် အာတီတာ ကတော့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ကောလာဟလတွေကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတယ်။

Mikel Arteta

Photo : The Guardian

စပိန်ကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာတီတာဟာ ရာသီကုန်မှာ အာဆင်နယ်အသင်းနဲ့ လမ်းခွဲပြီး ဘာစီလိုနာအသင်းထံ ပြောင်းရွေ့တော့မယ်လို့ ဖော်ပြနေကြတာပါ။ သို့သော်လည်း ဒီပြောဆိုချက်တွေဟာ မမှန်ကန်ကြောင်း အာဆင်နယ်အသင်းဘက်က SunSport ကို ပြောကြားခဲ့ပြီး အာတီတာ အနေနဲ့လည်း အဆိုပါ ကောလာဟလတွေနဲ့ ပတ်သတ်ပြီး ပြင်းပြင်းထန်ထန် တုန့်ပြန်လာပါတယ်။

အသက် ၄၁ နှစ်အရွယ် စပိန်သားနည်းပြ အာတီတာ ကတော့  ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ အာဆင်နယ်ကနေ ရာသီကုန်မှာ ထွက်ခွာမှာလားဆိုတဲ့ မေးခွန်းအပေါ် ” ကျွန်တော်လား ? မဟုတ်ပါဘူး။ မနေ့က ခင်ဗျားတို့ဖတ်လိုက်ရတဲ့ သတင်းက လုံးဝမမှန်ပါဘူး။ ဒီသတင်း ဘယ်ကလာမှန်းတောင် ကျွန်တော်မသိပါဘူး။ ဒါကတကယ်ပဲ စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဒီသတင်းတွေထွက်လာအပေါ် ကျွန်တော်တကယ်မယုံနိုင်ပါဘူး။ ဘယ်ကနေ သတင်းထွက်လာတယ်ဆိုတာကို မသိတာပါ။ ကျွန်တော်တို့ကိုယ်ရေးကိုယ်တာ ကိစ္စတွေအကြောင်းပြောတဲ့အခါ အရမ်းသတိထားရမယ် ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အန်းမရိတ်အလုပ်တွေ မပြီးပြတ်သေးဘူးလားဆိုတဲ့ မေးခွန်းအပေါ် အာတီတာ ဟာ ခေါင်းငြိမ့်ပြီး ” ကျွန်တော် နေရာမှန်မှာ ရောက်နေပါတယ်။ မှန်ကန်တဲ့လူတွေနဲ့ နေပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ကျွန်တော် ခံစားချက် အရမ်းကောင်းပါတယ်။ ကျွန်တော် အမြဲတမ်းပြောခဲ့သလိုပါပဲ ဒီအသင်း ၊ ဒီကစားသမားတွေ ၊ ဒီဝန်ထမ်းတွေနဲ့ ကျွန်တော်တို့လှပတဲ့ ခရီးတစ်ခုကိုအတူတူဖြတ်သန်းနေကြပြီး ကျွန်တော်တို့မှာ လုပ်စရာတွေလည်း အများကြီးရှိပါသေးတယ်” လို့ ဖြေကြားခဲ့ပါတယ်။

Mikel Arteta

Photo : The Sun

ဘာစီလိုနာ အသင်းနည်းပြ ဇာဗီဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ကြေညာခဲ့ပြီးနောက် အသင်းရဲ့အနာဂတ် နည်းပြသစ်နေရာအတွက် အာတီတာ ဟာ ရေပန်းအစားဆုံး သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း နည်းပြကြီး ယာဂင်ကလော့ပ်ဟာ ရာသီကုန်မှာ လီဗာပူးနဲ့ လမ်းခွဲတော့မယ်လို့ အံ့အားသင့်ဖွယ် ကြေညာသွားခဲ့ပါတယ်။

Featured Photo : Belfast News Letter