ခေါင်းကိုက် ဝေဒနာကို လူတိုင်းခံစားဖူးမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်တာကို ခံစားရလေ့ရှိပြီး အနားယူလိုက်တာ၊ ဆေးသောက်လိုက်တာနဲ့ သက်သာသွားလေ့ရှိပါတယ်။ သို့ပေမယ့် မကြာခဏ ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်းနဲ့ ခေါင်းကိုက်မှု တာရှည်ခြင်းတို့ကိုတော့ မပေါ့ဆသင့်ပါဘူး။ လူ ၂၀ မှာ ၁ ယောက်နီးပါးလောက်က နေ့တိုင်း သို့မဟုတ် မကြာခဏ ခေါင်းကိုက်တတ်တယ်လို့ ဆိုပါတယ်။ ဘာကြောင့်ပဲ ခေါင်းကိုက်ကိုက် လုံးဝ မပေါ့ဆသင့်ပါနဲ့။ ဒီနေ့မှာတော့ ကွီးတို့အတွက် ခေါင်းကိုက်ခြင်း ကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကို သိရှိပြီး အလေးထားဂရုပြုနိုင်အောင် ဝေမျှပေးချင်ပါတယ်။

စိတ်ဖိစီးမှု

ဘာကြောင့်ပဲ ခေါင်းကိုက်ကိုက်

Photo : Online Learning Collage

စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေတယ်ဆိုတာ သိပါသလား။ စိတ်ဖိစီးမှုကြောင့် ပခုံးနဲ့ လည်ပင်းမှာရှိတဲ့ ကြွက်သားတွေကို တင်းမာစေပြီး ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။ မကြာခဏ စိတ်ဖိစီးမှုကြောင့် ကြွက်သားတွေ တင်းမာလာတဲ့အခါ ပခုံးနှင့် လည်ပင်းကြွက်သားများ နာကျင်မှုကို  သိသိသာသာ ခံစားရစေနိုင်ပါတယ်။ ဒါ က ရေရှည် ကျန်းမာရေးအတွက်လည်း ဆိုးကျိုးတွေ ဖြစ်စေနိုင်တာကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ လိုပါတယ်။

နာတာရှည် ရောဂါများ

ဘာကြောင့်ပဲ ခေါင်းကိုက်ကိုက်

Photo : Medical News Today

မကြာခဏ ခေါင်းကိုက် ရခြင်းရဲ့ အကြောင်းအရင်းထဲမှာ ဆီးချိုကဲ့သို့သော နာတာရှည်ရောဂါများ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်ခြင်းအပြင် ပင်ပန်းနွမ်းနယ်မှု၊ အရေပြားအနာများနှင့် အဆစ်အမြစ် နာကျင်ခြင်းကဲ့သို့သော အခြားလက္ခဏာများ ထပ်မံခံစားရဖွယ်နိုင်ပါတယ်။ ကွီးတို့ အနေနဲ့ မကြာခဏဆိုသလို ခေါင်းကိုက်တာမျိုး ခံစားရပြီဆိုလျှင် နာတာရှည် ရောဂါတစ်ခုခု ဖြစ်နိုင်တာကြောင့် မပေါ့ဆပါနဲ့။ ကျန်းမာရေး စစ်ဆေးချက်များ ပြုလုပ်ပြီး ဆရာဝန်နှင့် သေချာစွာ ကုသမှုခံယူပါ။

ကဖိန်းဓာတ်

ဘာကြောင့်ပဲ ခေါင်းကိုက်ကိုက်

Photo : RatesMDs

ကော်ဖီ သို့မဟုတ် လက်ဖက်ရည် ကဲ့သို့သော ကဖိန်းဓာတ်များကို ပုံမှန်သောက်သုံးနေခြင်းကနေ ရုတ်တရက် ရပ်တန့်လိုက်ခြင်းက ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကဖိန်းဓာတ်က သွေးကြောများကို ကျဉ်းစေသောကြောင့် ဖြစ်နိုင်ပါတယ်။ ကဖိန်းဓာတ်ကို ရုတ်တရက် ရပ်တန့်လိုက်တဲ့အခါ သွေးကြောများ ကျယ်လာပြီး ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကဖိန်းဓာတ်ကို တစ်နေ့တာအတွက် များများသောက်ခြင်းကို အစကတည်းက ရှောင်ကြဉ်ပါ။

ရေကို လုံလုံလောက်လောက် မသောက်ခြင်း

Photo : Newseek

ကျွန်ုပ်တို့ ခန္ဓာကိုယ်ရဲ့  ၈၀ ရာခိုင်နှုန်းက ရေဓာတ်ဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေပမာကို သောက်သုံးပေးဖို့လိုပါတယ်။ ရေကို လုံလုံလောက်လောက် မသောက်သုံးတဲ့အခါ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ဆီးက ပုံမှန်ထက် ပိုဝါနေတာ၊ ခံတွင်းခြောက်ပြီး ရေငတ်တာ ခံစားရတာ၊ ခေါင်းကိုက်တာမျိုးဖြစ်လာရင် အလျင်အမြန် သက်သာဖို့အတွက် ရေများများသောက်ပြီး ဖရဲသီး၊ တရုတ်နံနံနဲ့ ခရမ်းချဉ်သီးတို့လို ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပါ။ အမျိုးသမီးများက တစ်နေ့လျှင် ရေ ၂.၇ လီတာခန့် သောက်သုံးသင့်ပြီး အမျိုးသားများက တစ်နေ့လျှင် ရေ ၃.၇ လီတာ သောက်သုံးသင့်ပါတယ်။

အိပ်ချိန် လုံလောက်စွာ မရှိခြင်း

Photo : SciTeachDaily

အိပ်ရေးမဝခြင်းက  ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ပြင်းထန်သော ခေါင်းကိုက်ခြင်းတို့နဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဒါ့အပြင် အိပ်စက်မှု မလုံလောက်ခြင်းကြောင့် အခြားသော ကျန်းမာရေး ပြဿနာများလည်း ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် နေ့စဉ် ညနက်တဲ့အထိ မနေဘဲ တစ်နေ့မှာ အနည်းဆုံး အိပ်ချိန် ၇ နာရီခန့် ရှိသင့်ပါတယ်။

ကွီးတို့‌ရေ ခေါင်းကိုက်တာကို မကြာခဏ ရင်ဆိုင်နေရပြီဆိုရင် အပေါ်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရင်းတွေကြောင့် ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရင်းတွေက ခေါင်းကိုက်ခြင်းအပြင် အခြားသော ကျန်းမာရေး ပြဿနာများကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဘာကြောင့်ပဲ ခေါင်းကိုက်ကိုက် မပေါ့ဆပဲ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်နေဖို့ သတိထား ဆင်ခြင်သင့်ပါတယ်။

Source : Harvard Health Publishing

Featured Photo : Vista Create