အင်္ဂလန် လက်ရွးစင်အသင်းခေါင်းဆောင် ဟယ်ရီ ကိန်း တစ်ယောက် လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကိန်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ တော့တင်ဟမ်ဟော့စပါးနဲ့ လမ်းခွဲခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ ကလပ် ဘိုင်ယန်မြူးနစ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၂၁ ပွဲ သွင်းဂိုး ၂၄ ဂိုးအထိ စွမ်းဆောင်ပေးထား နိုင်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်သားဟာ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။
Photo : The Sun
ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့လည်း ဘွန်ဒက်လီဂါမှာ လေဗာကူဆင်ရဲ့ ၈ မှတ်အကွာနဲ့ ကျော်ဖြတ်ခြင်းကို ခံထားရပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာရနိုင်ခြေရှိတဲ့ ဖိအားတွေလည်း ရှိနေတာကြောင့် ဒီရာသီမှာ ကိန်း ရဲ့ ပထမဆုံးဆုဖလား ဆွတ်ခူးနိုင်ရေး မျှော်လင့်ချက်ဟာလည်း တဖြည်းဖြည်း မှေးမှိန်လာနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် နည်းပြတူချယ် ကတော့ ” ကိန်း က သူ့ကိုယ်သူ ဂရုစိုက်ပါတယ်။ သူကျွန်တော့်ကို မလိုအပ်ပါဘူး။ သူက ကစားပွဲအတွင်း ချိတ်ဆက်မှုတွေနဲ့ ပတ်သတ်ပြီး မပျော်မရွှင်ဖြစ်နေတာပါ။ လေ့ကျင့်ရေးနဲ့ ကစားပွဲတွေအတွင်းက ကွာဟချက်ကို ကျွန်တော် သတိထားမိပါတယ်။ လေ့ကျင့်ရေးမှာ သူဂိုးသွင်းပုံတွေ ၊ အခွင့်အရေး အသုံးချနိုင်စွမ်းတွေက လုံးဝအံ့မခန်းပါပဲ။ ဒါက တကယ့်ကိုပဲ ကမ္ဘာ့အဆင့်ပါ။ ဒါပေမယ့် ပွဲတွေမှာတော့ ဒီလိုစွမ်းဆောင်ရည်မျိုးနဲ့ သူ့ကို တွေ့ရခဲပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လေဗာကူဆင်ကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့သလို လာဇီယိုနဲ့ ချန်ပီယံလိဂ် ပထမအကျော့မှာလည်း ၁ – ၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အသင်းရဲ့နည်းပြရာထူးကနေ တူချယ်ကို ထုတ်ပယ်ဖို့ အလားအလာ ရှိနေတာလည်း ဖြစ်ပါတယ်။
Photo : The Sun
” လက်ရှိအခြေအနေက ကျွန်တော်တို့ကို အဆုံးအဖြတ် ပေးပါလိမ့်မယ်။ လေထုကတော့ အနည်းငယ် အုံ့မှိုင်းနေတာ သိသာပါတယ်။ ဒါပေမယ့် ပြောရရင်တော့ ကျွန်တော်တို့ ချန်ပီယံလိဂ်ကနေ မထွက်ခွာရသေးပါဘူး။ ကျွန်တော်တို့ အားလုံး အခြေအနေတွေကို ပြောင်းလဲဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ပြောင်းပြန်လှန်ပစ်ဖို့ လိုအပ်တဲ့ စွမ်းအင်တွေကို စုစည်းပြီး အားလုံးကို ပေးသွားမှာပါ။ ဘိုင်ယန်က အမြဲတမ်း ပြန်ဦးမော့ လာနိုင်ပြီးသားပါ ”
” ကျွန်တော်တို့ အခုအမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေပါသေးတယ်။ ဒါနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ ရှက်နေဖို့ မလိုပါဘူး။ ကျွန်တော်တို့အတွက် ဘယ်လိုစာနာမှုမျိုးမှလည်း မလိုအပ်ပါဘူး။ ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေလည်း အနည်းငယ် ပြောင်းလဲထားပါတယ်။ ကျွန်တော်တို့ တစ်ပတ်အတွင်း ၂ ပွဲရှုံးခဲ့ရတယ် ၊ ဒီအတိုင်း ဆက်သွားလို့တော့ အဆင်မပြေပါဘူး” လို့ နည်းပြတူချယ်က ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းဟာ တနင်္ဂနွေညမှာ ဘိုချမ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး သူတို့ ၂ သင်း နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၅ ကြိမ်လုံးမှာ ဘိုင်ယန်က ဂိုးပြတ်ရလဒ်တွေနဲ့ အနိုင်ရထားခဲ့တာကြောင့် နည်းပြ တူချယ်တစ်ယောက် ဒီတစ်ကြိမ်မှာလည်း ရလဒ်ကောင်းတွေ ရရှိဖို့ အကောင်းဆုံး ပြင်ဆင်ထားမယ်ဆိုတာ သေချာပါတယ်။
Featured Photo : The Sun