ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မာ့ခ် ကလတ်တန်ဘာ့ဂ် က ဘောလုံးပြိုင်ပွဲ အနေနဲ့ အချိန်ဖြုန်းတီးခြင်းကို ရပ်တန့်နိုင်ဖို့အတွက် နာရီရပ်တန့်မှုနဲ့အတူ မိနစ် ၆၀ ပွဲကစားချိန်ကို မိတ်ဆက်သင့်နေပြီလို့ ယုံကြည်နေပါတယ်။

Rodrygo celebrated during champion league semi-final match against Man City

Photo: Sportbible

အသက် ၄၇ နှစ်အရွယ် ဒိုင်လူကြီးဟာ ၂၀၁၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ယူရို ၂၀၁၆ ဗိုလ်လုပွဲတို့အပါအဝင် ကြီးမားတဲ့ ပွဲစဉ်တွေကို ဒိုင်လူကြီးဘဝသက်တမ်းတလျှောက် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ဘောလုံးကစားပွဲမှာ ရှိသင့်တဲ့အရာနဲ့ပတ်သက်ပြီး ခံစားနေရတာကို ပြောဆိုခဲ့တာဖြစ်ပါတယ်။ ယခုအပတ် Daily Mail အတွက် ရေးသားပေးခဲ့တဲ့ ကော်လံမှာ ကလတ်တန်ဘာ့ဂ်က အင်္ဂါနေ့ညက ရီးရဲလ်မက်ဒရစ်အသင်းက မန်စီးတီးကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ စိတ်လှုပ်ရှားဖွယ် အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ဘာနေဗျူးမှာ အငြင်းပွားဖွယ် အချိန်ဖြုန်းတီးမှုတွေအကြောင်းကို ရေးသားခဲ့ပါတယ်။

ပရိသတ်အများစုဟာ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ပွဲစဉ်မှာ နာကျင်အချိန်ပို ၃ မိနစ်ထက်ပိုပြီး ပေးခဲ့သင့်တယ်လို့ ထောက်ပြခဲ့ပြီး ဒိုင်လူကြီး ဒန်နီရယ် အော်ဆာတိုရဲ့ ၁၀ စက္ကန့်စောပြီး ပွဲပြီးဝီစီမှုတ်ခဲ့မှုက ပိုလို့တောင် အငြင်းပွားစရာဖြစ်ခဲ့တာဖြစ်ပါတယ်။ ကလတ်တန်ဘာ့ဂ်က ဒီလိုမျိုး အချိန်ဖြုန်းတီးတဲ့ အမူအကျင့်တွေကို ရပ်တန့်နိုင်ဖို့အတွက် နည်းလမ်းရှိတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

Former Premier League Refree Mark Clatenburg

Photo: Sportbible

“ဒီလိုဖြစ်နေတာတွေ အားလုံးအတွက် အဖြေရှိတယ်လို့ ကျွန်တော် ထင်ပြီး အဲဒါက ပီယာလူဂီ ကော်လီနာ၊ ဖီဖာနဲ့ IFAB တို့ လက်ရှိမှာ ကြိုးပမ်းနေတဲ့ နာရီရပ်တန့်မှုနဲ့အတူ မိနစ် ၆၀ ကစားစေမယ့် အစီအစဉ်ဖြစ်ပါတယ်။ အဲဒါက ဘတ်စ်ကတ်ဘောမှာ အလုပ်ဖြစ်ပြီး ဘောလုံးမှာလည်း အလုပ်ဖြစ်နိုင်ပါတယ်။ ဥပမာ ဘောလုံးက စည်းအပြင်ထွက်သွားတဲ့အချိန်ကျရင် ဒါမှမဟုတ် ဒဏ်ရာကြောင့် အချိန်နှောင့်နှေးမှုတွေရှိလာရင် ဒါမှမဟုတ် ဒိုင်လူကြီးက အဝါကတ်ပြရတဲ့ ကိစ္စကို ရှင်းပြနေတဲ့အချိန်မှာ နာရီကို ခဏရပ်ထားရမယ်။ အဲဒီနည်းနဲ့ဆိုရင် ပွဲစဉ်တိုင်းက တူညီတဲ့အချိန်ကာရှိလာမှာဖြစ်ပြီး ကျွန်တော်တို့ ဒီလိုမျိုး အငြင်းပွားစရာတွေကို ရှင်းထုတ်ပစ်နိုင်မှာပါ”

ကလတ်တန်ဘာ့ဂ်က ၂၀၂၁-၂၀၂၂ ရာသီ ပရီးမီးယားလိဂ်က မျက်စိပြူးစရာ ကိန်းဂဏန်းအချက်အလက်အချို့ကိုလည်း ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။ “ဒီရာသီ ပရီးမီးယားလိဂ်မှာဆိုရင် ဘောလုံးပုံမှန်ကစားနေတဲ့ ပျမ်းမျှအချိန်ကာလက ၅၅ မိနစ်နဲ့ ၃ စက္ကန့်ပဲ ရှိပါတယ်။ အတိုတောင်းဆုံးပွဲစဉ်က ဝက်စ်ဟမ်းနဲ့ ဘရန့်တ်ဖို့ဒ်တို့ ပွဲစဉ်ဖြစ်ပြီး ၄၁ မိနစ်နဲ့ ၃၃ စက္ကန့်ပဲ ကြာပါတယ်။ အချိန်အကြာဆုံးပွဲစဉ်ကတော့ မန်စီးတီးနဲ့ ဘန်လေတို့ပွဲဖြစ်ပြီး ၆၅ မိနစ်နဲ့ ၄၂ စက္ကန့်ပဲ ကြာပါတယ်။ ဒါက ကြီးမားတဲ့ ကွာခြားချက်ဖြစ်ပေမယ့် ပွဲချိန် မိနစ် ၆၀ က အချိန်ဖြုန်းတာတွေကို ရပ်တန့်စေမှာဖြစ်ပြီး လောင်းကစားသမားတွေလည်း အနည်းဆုံး ကွင်းထဲမှာ တစ်နာရီလောက်ပဲ ဘောလုံးကစားတာဆိုတော့ စောင့်ကြည့်ဖို့ အာမခံချက်ရှိလာနိုင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

Featured Photo: Sportbible