ဘာစီလိုနာနဲ့ စပိန်နောက်ခံလူဟောင်း ဂျရတ်ပီကေး ကတော့ ကစားသမားဘဝကနေ အနားယူပြီး ၁၄ လအကြာမှာပဲ ဘောလုံးလောကထဲကို အံ့အားသင့်ဖွယ် ပြန်လည်ဝင်ရောက်လာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Photo : Get Spanish Football News
စပိန်သားဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ကစားသမားဘဝကနေ အနားယူတော့မယ့်အကြောင်း ရုတ်တရက် ကြေညာခဲ့ပြီး မြက်ခင်းစိမ်းပေါ်က မထွက်ခွာမီ ၎င်းရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ နောက်ဆုံးပွဲစဉ်အဖြစ် အယ်မာရီယာနဲ့ပွဲစဉ်ကို ဘာစီလိုနာအသင်းအတွက်ကစားခဲ့ကာ အဆိုပါ ပွဲအပြီးမှာ တစ်ချိန်ချိန်တော့ ဘာစီလိုနာအသင်းဆီကို ပြန်လာမယ်လို့ ကတိပေးခဲ့ဖူးပါတယ်။
လက်ရှိမှာတော့ အသက် ၃၆ နှစ်ရွယ် စပိန်နောက်ခံလူဟောင်းဟာ ဘောလုံးလောကကနေ တစ်နှစ်ကျော်ကြာ အနားယူပြီးချိန်မှာပဲ နည်းပြဘဝနဲ့ မြက်ခင်းစိမ်းပေါ် တဖန်ပြန်လည်ခြေချဖို့ ကြိုးပမ်းနေကြောင်း ထုတ်ဖော်ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
“နှစ်သစ်တစ်ခုကို ရောက်ရှိလာပါပြီ။ ကျွန်တော်သေချာ စဉ်းစားပြီးမှ ဘောလုံးလောကထဲပြန်လာဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော် ဘောလုံးလောကကို အများကြီး သတိရပါတယ်။ ဒီတစ်ကြိမ်တော့ ကစားသမားအနေနဲ့ မဟုတ်တော့ပဲ နည်းပြတစ်ဦးအဖြစ်နဲ့ ပြန်လာမှာပါ။ ဒီသီတင်းပတ် အကုန်လောက်မှာ အသေးစိတ်ကို ကျွန်တော်ထပ်မံ မျှဝေပေးပါမယ်” လို့ ဂျရတ်ပီကေးက ၎င်းရဲ့ဆိုရှယ်မီဒီယာ လူမှုကွန်ယက်ပေါ်ကနေ သတင်းစကားပါးခဲ့တာ ဖြစ်ပါတယ်။
Photo : Goal.com
ပီကေးရဲ့ ထုတ်ဖော်ပြောဆိုမှုအပြီးမှာ စပိန်သားဟာ အသင်းဖော်ဟောင်းဖြစ်သူ ဇာဗီလက်အောက် နည်းပြရာထူးနဲ့ ဘာစီလိုနာကို ပြန်လည်ရောက်ရှိလိမ့်မယ်လို့ ကောလဟာလသတင်းတွေ ထွက်ပေါ်နေပါတယ်။ ဂျရတ်ပီကေးဟာ ကစားသမားဘဝကနေ အနားယူပြီးကတည်းက ဘာစီလိုနာမှာ King League ကို တည်ထောင်ပြီး အဲ့ဒီမှာပဲ နည်းပြအဖြစ်နဲ့ လုပ်ကိုင်ဖို့ ပြင်ဆင်နေခဲ့တာပါ။
ပီကေးဟာ ၂၀၀၈ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ဘာစီလိုနာကို ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းမှာ ၁၄ နှစ်ကြာ တောက်ပခဲ့တဲ့ ဝါရင့်ကြယ်ပွင့်ဟောင်းတစ်ဦး ဖြစ်ပါတယ်။ လာလီဂါဖလား ၉ ကြိမ်နဲ့ ချန်ပီယံလိဂ် ဆုဖလား ၃ လုံး အပါအဝင် ကတ်တလန် ဘီလူးကြီးတွေအတွက် ဆုဖလားပေါင်း ၃၀ ကျော်ကို ဆွတ်ခူးပေးနိုင်ခဲ့သလို စပိန်လက်ရွေးစင်အသင်းနဲ့လည်း ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားနဲ့ ၂၀၁၂ ခုနှစ် ဥရောပချန်ပီယံဆုဖလားတွေကို ရယူပေးနိုင်ခဲ့ပါတယ်။
Photo : The US Sun
ဂျရတ်ပီကေး ဟာ အဆိုတော် ရှာကီရာနဲ့ ၁၁ နှစ်တာ အချစ်ဇာတ်လမ်းကို အဆုံးသတ်ပြီး ၅ လအကြာမှာပဲ ဘောလုံးလောကနေ အနားယူသွားခဲ့တာဖြစ်ပြီး အခုလက်ရှိမှာတော့ ချစ်သူအသစ် ချီရာမာတီနဲ့ အတူရှိနေပါတယ်။
Featured Photo : Nocturne de Puyricard 10km