ပေါ်တူဂီစတား ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဘောလုံးသမိုင်းမှာ ကြေးအမြင့်ဆုံး စာချုပ်သစ်တစ်ရပ်ကို အယ်လ်နာဆာနဲ့ ချုပ်ဆိုလိုက်ပါပြီ။ ဘော်လွန်းဒီအော ၅ ဆုရှင်ဟာ ဆော်ဒီပရိုလိဂ်အသင်းနဲ့ ၂ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပြီး လက်မှတ်ထိုးကြေးအတွက်ပင် ပေါင် ၂၄.၅ သန်း (ဒေါ်လာ ၃၃.၇ သန်း) ရရှိမှာ ဖြစ်ပါတယ်။

Cristiano Ronaldo

Photo : Sky News

ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့ ဖြတ်သန်းခဲ့တဲ့ ၂ နှစ်ခွဲခန့် ကာလအတွင်းမှာ အသင်းအတွက် တရားဝင်ဆုဖလား တစ်လုံးမှ ရယူပေးနိုင်ခဲ့ခြင်း မရှိတာကြောင့် ပေါ်တူဂီသားရဲ့ ဆော်ဒီစွန့်စားခန်းဟာ ထင်သလောက် အောင်မြင်မှု မရခဲ့ဘူး ပြောဆိုမှုတွေ ရှိခဲ့တာပါ။ ပြီးခဲ့တဲ့၂၀၂၄ – ၂၀၂၅ ဘောလုံးရာသီမှာလည်း အယ်လ်နာဆာအသင်း AFC ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့နောက်မှာတော့ ရော်နယ်ဒိုဟာ အခုလာမယ့် နွေရာသီမှာ အသင်းနဲ့ လမ်းခွဲတော့မယ်ဆိုတဲ့ စကားသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ်မှာ ပေါ်တူဂီကြယ်ပွင့်ရဲ့ အနာဂတ်နဲ့ပတ်သတ်ပြီး ရက်သတ္တပတ်ပေါင်းများစွာ ထင်ကြေးပေးမှုတွေ ရှိခဲ့ပြီးနောက်မှာတော့ ရော်နယ်ဒိုဟာ သူ့အနေနဲ့ ဘယ်ကိုမှ ပြောင်းရွေ့တော့မှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ဖော်ပြောကြားသွားခဲ့ပြီး ယခု ဇွန်လ ၂၆ ရက်နေ့ ကြာသပတေးနေ့ နေ့လည်ပိုင်းမှာတော့ အယ်လ်နာဆာအသင်းဘက်က သူတို့ရဲ့အသင်းခေါင်းဆောင်ကို နောက်ထပ် ၂ နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီလို့ ထုတ်ပြန်ကြေညာ သွားခဲ့ပါတယ်။

The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ ရော်နယ်ဒို ဟာ ကနဦး လက်မှတ်ထိုးကြေးအတွက် ပေါင် ၂၄.၅ သန်း ရရှိမှာဖြစ်ပြီး ဒုတိယနှစ်အတွင်းမှာ လက်မှတ်ထိုးကြေး ပေါင် ၃၈ သန်းအထိ တိုးမြှင့်ရရှိမယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ တစ်နှစ်လုပ်ခ ပေါင် ၁၇၈ သန်း ရရှိနေပြီး တစ်ရက်လုပ်ခမှာ ပေါင် ၄၈၈,၀၀၀ ရှိတယ်လို့လည်း The Sun က ဖော်ပြခဲ့ပါတယ်။

Cristiano Ronaldo
Photo : Goal.com

ပေါ်တူဂီကြယ်ပွင့်နဲ့ အယ်လ်နာဆာတို့ရဲ့ လက်ရှိ သက်တမ်းတိုးစာချုပ်ကတော့ ဘောလုံးသမိုင်းမှာ တန်းကြေးအမြင့်ဆုံး စာချုပ်သစ်တစ်ရပ်လို့ ပြောရမှာ ဖြစ်ပြီး ရော်နယ်ဒိုဟာ စုစုပေါင်း လုပ်ခ ပေါင် ၄၉၂ သန်း ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အယ်လ်နာဆာအသင်းနဲ့အတူ ရွှေဖိနပ်ဆု ရခဲ့ပါက ဆုကြေးငွေ ထပ်ဆောင်း ပေါင်း ၄ သန်း ရရှိမှာဖြစ်ပြီး အသင်းအတွက် ချန်ပီယံဆုဖလား ရယူပေးနိုင်ခဲ့ပါက အပိုဆုကြေး ပေါင် ၈ သန်းကျော်အထိ ရရှိမယ်လို့ သိရပါတယ်။

Source : Goal.com

Featured : Goal.com