ဘော်ဒါတွေနဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေ အမှတ်တရတွေ ဖန်တီးချင်တယ်ဆိုရင်တော့ အတူတကွ ခရီးသွားခြင်း က လုံးဝကို နောင်တမရမဲ့ ရွေးချယ်မှုပါပဲ။ ဘော်ဒါတွေနဲ့ အုပ်စုလိုက် ခရီးသွားခြင်းက ကွီးတို့ရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေကာ တစ်ယောက်နဲ့ တစ်ယောက်လည်း နားလည်မှုကို ပိုမို တိုးလာစေပါတယ်။ ဒ့ါအပြင် ကမ္ဘာပေါ်က အမိုက်စားနေရာတွေကို ဘော်ဒါတွေနဲ့ လည်ပတ်ရတာက ဘာနဲ့မှမတူတဲ့ ခံစားမှုရသကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဒီဆောင်းပါးလေးမှာတော့ ရင်သပ်ရှုမောဖွယ် အမိုက်စားနေရာတွေကို ဘော်ဒါတွေနဲ့ ဒိုး လို့ရအောင် ဝေမျှပေးလိုက်ပါတယ်။

ထိုင်ဝမ်

ဘော်ဒါတွေနဲ့ ဒိုး

Photo : www.sunmoonlake.gov.tw

ကွီးတို့ ဘော်ဒါတွေနဲ့ အုပ်စုလိုက် ဒိုး ဖို့ ပထမဆုံးဖော်ပြပေးချင်တာကတော့ ထိုင်ဝမ်ပါပဲ။ ကွီးတို့အနေနဲ့ အစားအသောက်တွေ မြည်းစမ်းမယ်၊ စျေးဝယ်မယ် ဆိုရင် ရွေးချယ်သင့်တဲ့နေရာပါ။ ထိုင်ဝမ်မှာ ရှိတဲ့ Kaohsiung နဲ့ Sun Moon Lake တို့က လှပသော ရှုခင်းများနှင့် ယဉ်ကျေးမှုများကို လေ့လာဖို့အတွက် သွားရောက်လည်ပတ်သင့်သော နေရာများ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်ဝမ်ရဲ့ တောင်ဘက်စွန်းမှာ တည်ရှိတဲ့ Kenting က သဲဖြူကမ်းခြေများနှင့် လှပသော သန္တာကျောက်တန်းများဖြင့် လှပနေပြီး ကွီးတို့မဖြစ်မနေ လည်ပတ်သင့်တဲ့ စာရင်းထဲမှာ ပါပါတယ်။

ဘန်ကောက်

ဘော်ဒါတွေနဲ့ ဒိုး

Photo : Forbes

သူငယ်ချင်းတွေနဲ့ ‌စျေးဝယ်ထွက်ရင်း Chill မယ်၊ အဝေးကြီးမသွားဘဲ နီးနီးနားနားဘဲ သွားချင်ရင်တော့ ဘန်ကောက်ရှိပါတယ်။ ဈေးတန်တဲ့ အဝတ်အစားတွေကို ရွေးချယ်မယ်၊ ထိုင်း Street Food တွေ မြည်းစမ်းရင်း ပျော်ပျော်ပါးပါး လျှောက်လည်နိုင်ပါတယ်။ အချိန်နည်းနည်း ပိုရရင် ဘော်ဒါတစ်သိုက်နဲ့ ဖူးခက် ကမ်းခြေမှာ ရေကူးတာ၊ လှိုင်းစီးတာ စတဲ့ လှုပ်ရှားမှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

ဒါနန်း

ဘော်ဒါတွေနဲ့ ဒိုး

Photo : Pullman Danang Beach Resort

အုပ်စုလိုက် ခရီး သွားတွေကြားမှာ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ကလည်း ရေပန်းစားပါတယ်။ ဗီယက်နမ်အလယ်ပိုင်းရှိ ကမ်းရိုးတန်းမြို့ဖြစ်သည့် ဒါနန်းမှာ သဘာဝအလှတရားများ၊ ယဉ်ကျေးမှုများနဲ့ ခရီးသွားများကို ဆွဲဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် နာမည်ကြီး နေရာတစ်ခုဖြစ်တဲ့ Golden Bridge Hand ကိုလည်း ကွီးတို့အနေနဲ့ လက်လွှတ်မခံသင့်ပါဘူး။ နောက်ထပ် ဒါနန်း မှာပဲ ကမ္ဘာ့အရှည်လျားဆုံး ကေဘယ်လ်ကားနဲ့ ဥရောပမြို့ဟောင်းကို ပုံစံပြထားသည့် ဒဏ္ဍာရီပုံဆန်ဆန် အံ့ဩဖွယ်ကောင်းသော Ba Na Hills Sunworld ကိုလည်း သွားရောက် လည်ပတ်လို့ ရပါသေးတယ်။

တိုကျို

Photo : The Times

နီယွန်မီးရောင်စုံနဲ့ တောက်ပနေတဲ့ ညမအိပ်မြို့ကြီးတွေမှာ သူငယ်ချင်းတွေနဲ့ Nightlife ကို ခံစားဖူးချင်ရင် ဂျပန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ တိုကျိုက ရွေးချယ်လို့ ကောင်းတဲ့နေရာ တစ်ခုပါပဲ။ တိုကျိုမှာ မိုးမျှော်တိုက်များ၊ စည်ကားလှသောလမ်းများနဲ့ မယုံနိုင်လောက်အောင် အရသာရှိသော စားသောက်ဆိုင်များစွာနဲ့ မတူညီတဲ့ရသမျိုးစုံကို ခံစားနိုင်ပါတယ်။ Shinjuku ရှိ အခမဲ့ Tokyo Metropolitan Government Building မှ ညကောင်းကင်ယံကို ငေးကြည့်နိုင်သလို နာမည်ကြီး Shibuya Crossing ကိုဖြတ်ပြီး လမ်းလျှောက်နိုင်ပါတယ်။

Saud Beach

Photo : A Philippines Travel

ဘော်ဒါတွေနဲ့ ကမ်းခြေမှာပဲ ကဲချင်တယ်ဆိုရင်တော့ ဖိလစ်ပိုင်နိုင်ငံ၊ Luzon ကျွန်းက Saud ကမ်းခြေလေးက ရွေးချယ်ဖို့ အကောင်းဆုံးပါပဲ။ ကမ်းခြေက သဲဖြူဖြူတွေနဲ့ ကြည်လင်နေတဲ့ရေတွေက တကယ်ကို ကွီးတို့ကို အဆုံးမရှိ တဲ့ရေကူးကန်ထဲမှာ ရေကူးနေရတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်မှာပါ။ အေးချမ်းတဲ့ လှိုင်းဖွေးဖွေးတွေနဲ့ ထိတွေ့ရတာကလည်း တကယ်ကို ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေမှာပါ။

ဘော်ဒါတွေနဲ့ ခရီးထွက်ဖို့ အစီအစဉ်ရှိရင် ဒီအမိုက်စား နေရာလေးတွေကို ကွီးတို့ ခရီးသွား List ထဲ ထည့်ထားလိုက်တော့နော်။

Featured Photo : Air Global