ခရီးသွားရတာ ကြိုက်နှစ်သက်တဲ့ ဘော်ဒါတို့အားလုံး မင်္ဂလာပါ။ သင်္ကြန်ရုံးပိတ်ရက်လည်း တဖြည်းဖြည်းနဲ့ နီးကပ်လာပြီဆိုတော့ ခရီးသွားဖို့ ပလန်ဆွဲနေလောက်ရောပေါ့။ ခရီးထွက်တဲ့အခါ ဘော်ဒါ အရင်းအချာတွေနဲ့ပဲ ခရီးထွက်ရင် ကောင်းမလား၊ စကီလေး နဲ့ပဲ ရိုမန့်တစ်ဆန်ဆန် ခရီးသွား ရင် ကောင်းမလားဆိုပြီး စဥ်းစားရကြပ်နေပါသလား။
ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ကောင်းကျိုး၊ ဆိုးကျိုးများကို နှိုင်းယှဥ်ကြည့်လိုက်ပါ။ ဒါဆိုရင် ဘော်ဒါ တွေနဲ့ ခရီးသွားရင် ကောင်းမလား၊ စကီလေး နဲ့ ခရီးသွား ရင် ကောင်းမလားဆိုပြီး သိသွားပါလိမ့်မယ်။
ဘော်ဒါတွေနဲ့ ခရီးသွားမယ်ဆိုရင်…
စိတ်လွတ်လက်လွတ် ပျော်လို့ရတယ်
သူငယ်ချင်း အရင်းခေါက်ခေါက်တွေဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက် သိနားလည်ပြီဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ရှက်နေတာတွေ ကြောက်နေတာတွေလည်း မရှိတော့ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးနဲ့ စိတ်လွတ်လက်လွတ် ခရီးသွားလို့ရတာပေါ့။
အကုန်အကျများကို မျှခံလို့ရတယ်
သူငယ်ချင်းဆိုတဲ့ အမျိုးက ကိုယ့်မရှိ သူ့မုန့် စား၊ ကိုယ့်မှာရှိတဲ့အချိန်ကျ ဖွက်ထား…အဲလေ…အတူတူ မျှစားကြတာပါ။ ဘော်ဒါတွေနဲ့ ခရီးအတူတူသွားတဲ့အခါ ကိုယ့်ပိုက်ဆံ၊ သူ့ပိုက်ဆံနဲ့ အတူတူ မျှခံကြရတာမဟုတ်လား။ ဒါ့ကြောင့် အကုန်အကျလည်း ပိုသက်သာမှာတော့ မယုံမရှိနဲ့ဗျို့။
တစ်ယောက်ကို တစ်ယောက် ကူညီဖေးမလို့ရတယ်
တစ်ယောက်အကြောင်း တစ်ယောက် နောကျေနေတာဆိုတော့ သူ ဘာလိုအပ်သလဲ၊ ကိုယ် ဘာလိုအပ်သလဲ အတွင်းသိ၊ အဆင်းသိတွေဆိုတော့ တကူးတကကြီး လိုက်ပြောနေစရာမလိုပါဘူး။ တစ်ယောက်ကို တစ်ယောက် အော်တို ကူညီပြီးသား ဖြစ်သွားပါတယ်။ နင့်ကို ငါ ကူညီပေးထားတာနော် ဆိုတဲ့ ကျေးဇူးတင်ခံချင်တဲ့ စိတ်လည်း မရှိကြပါဘူး။ ဒါတွေသည် ဘော်ဒါ အရင်းအချာတွေသာ သိနားလည်တဲ့ ဘော်ဒါ Code ပဲဖြစ်ပါတယ်။
ကိုယ့်စကီလေးနဲ့ ခရီးသွားမယ်ဆိုရင်…
တစ်ယောက်အကြောင်း တစ်ယောက် ပိုမိုသိနားလည်လာမယ်
တွဲခါစချစ်သူများအနေနဲ့ တစ်ယောက်အကြောင်း တစ်ယောက် သိဦးမှာမဟုတ်ပါဘူး။ တွဲတာကြာတဲ့ချစ်သူတွေသည်လည်း တစ်ယောက်အကြောင်း တစ်ယောက် ပြည့်ပြည့်စုံစုံ သိဦးမှာမဟုတ်ပါဘူး။ နှစ်ယောက်အတူတူ ခရီးသွားတဲ့အခါမှာတော့ ဒီလူက ကိုယ့်အပေါ် တကယ် ချစ်ရဲ့လား။ ကိုယ့်ရဲ့ အကျင့်စရိုက်ကို တကယ် သည်းခံနိုင်ရဲ့လား။ ကိုယ့်အပေါ် တကယ် အလေးထားရဲ့လား ဆိုတဲ့အချက်တွေကို သိနားလည်သွားမှာပဲဖြစ်ပါတယ်။ စိတထဲမှာ ရှိနေတဲ့ သံသယစိတ်များလည်း ရှင်းသွားမှာပဲဖြစ်ပါတယ်။
Personal Space အပေးလွန်ပြီး စိတ်ကောက်ခံရနိုင်တယ်
စကီလေးနဲ့ နှစ်ယောက်တည်း ခရီးသွားတဲ့အချိန်မှာ ကိုယ်က ကိုယ့်ပုံစံအတိုင်း နေဖြစ်တာများပါလိမ့်မယ်။ ကိုယ်က အိမ်မှာနေသလိုပဲ ဂိမ်းဆော့ချင် ဆော့မယ်၊ ရုပ်ရှင်ကြည့်ချင် ကြည့်နေပါလိမ့်မယ်။ ကိုယ့်ဘာသာ စိတ်ပြေလက်ပျောက်နေတဲ့အနေအထားက သူ(မ)ကို ပစ်ထားသလို ဖြစ်သွားပါလိမ့်မယ်။ အဲ့ဒါဆိုရင်တော့ မိုးမီးလောင်ပြီသာမှိတ်တော့ ဗျို့။
ဒါ့ကြောင့် ကောင်မလေးနဲ့ နှစ်ယောက်တည်း ခရီးသွားတဲ့အခါ သူ(မ) စိတ်ကောက်တဲ့ဒဏ်ကိုလည်း အမြဲဆိုသလို ခံနေရမှာဖြစ်တာကြောင့် စိတ်ခိုင်ခိုင်ထားဖို့ လိုပါလိမ့်မယ်။
ကိုယ်က ပိုက်ဆံ ပိုကုန်နိုင်ခြေများတယ်
ကိုယ်က ယောကျာ်းလေးဖြစ်တဲ့အတွက်ကြောင့် ကောင်မလေးကိုချည်းပဲ ပိုက်ဆံ ထုတ်သုံးခိုင်းလို့ အဆင်မပြေတာတော့ အမှန်ပါပဲ။ တချို့ ကောင်မလေးတွေကျတော့ ကိုယ့်ကောင်လေးရဲ့ ပိုက်ဆံချည်းပဲ မသုံးချင်ကြလို့ သူ့ပိုက်ဆံ ကိုယ့်ပိုက်ဆံ မျှသုံးတာမျိုး ရှိပါလိမ့်မယ်။ ဒါဆိုရင်တော့ ကွီးတို့က ကံကောင်းပါတယ်။ ကိုယ်ကချည်းပဲ ပိုက်ဆံ စိုက်နေရမယ်ဆိုရင်တော့ ရေရှည်မှာ အခြေအနေ မဟန်ပါဘူး။
အားသာချက်၊ အားနည်းချက်တွေကို သိသွားပြီဆိုရင်တော့ ကွီးတို့လည်း ဘော်ဒါ နဲ့ ခရီးသွားရမလား၊ စကီလေး နဲ့ ခရီးသွား ရမလားဆိုတာ ဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Source: Travellingdany
Featured Image: Freepik