Tequila ကြိုက်တဲ့ ကွီးတို့အတွက် မြေအိုးလေးနဲ့ ပြင်ဆင်တည်ခင်းရတဲ့ သောက်ချင်စဖွယ် မက္ကဆီကန်စတိုင် Cantaritos ကော့လ်တေး ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ Cantaritos ကော့လ်တေးဟာ Paloma ကော့လ်တေးရဲ့ အရသာနဲ့ ဆင်တူပြီး Grapefruit Soda ၊ Citrus အသီးတွေနဲ့ ဖျော်စပ်ရတာ ဖြစ်ပါတယ်။ အသီးရနံ့ သင်းသင်းလေး မွှေးပြီး ချိုမြိန်လတ်ဆတ် ဟန်ချက်ညီတဲ့ ကော့လ်တေးရဲ့အရသာကို ပေးစွမ်းပါတယ်။

Photo : A Couple Cooks

Cantaritos ကော့လ်တေးရဲ့ ထူးခြားချက်က မက္ကဆီကန်စတိုင်လှပတဲ့ မြေအိုးလေးနဲ့ ပြင်ဆင်ရတာ ဖြစ်ပေမယ့် မြေအိုးအလွယ်တကူ မရှိဘူးဆိုရင် Highball ဖန်ခွက်ရှည်နဲ့ ဖျော်စပ်လို့ ရပါတယ်။ Tequila ၊ Orange Juice ၊ Lemon Juice ၊ Lime Juice ၊ Grapefruit Soda နဲ့ ဆား စတဲ့ ပါဝင်ပစ္စည်းတွေ အဓိကလိုအပ်ပါတယ်။ ကွီးတို့အိမ်မှာပဲ အရသာရှိတဲ့ မက္ကဆီကန်စတိုင် Cantaritos ကော့လ်တေးကို အလွယ်ကူ အရိုးရှင်းဆုံး ပြင်ဆင်ဖျော်စပ်လို့ ရပါတယ်။

Photo : A Couple Cooks

မက္ကဆီကန်စတိုင်စစ်စစ် မြေအိုးအသုံးပြုမယ်ဆိုရင် ကော့လ်တေးမဖျော်စပ်မီ မြေအိုးကို ရေအေးထဲမှာ ၁၀ မိနစ်ခန့် စိမ်ထားပေးရပါမယ်။ မဟုတ်ရင်လည်း Highball Glass ကို သုံးနိုင်ပါတယ်။ အရင်ဆုံး မြေအိုးထဲမှာ Blanco သို့မဟုတ် Reposado Tequila ၂ အောင်စ ၊ Fresh Orange Juice ၁ အောင်စ ၊ Fresh Lemon Juice အောင်စဝက် ၊ Lime Juice အောင်စဝက်နဲ့ ဆား တစ်တို့စာလောက် ရောထည့်ပေးရပါမယ်။

Photo : A Couple Cooks

ပြီးတဲ့အခါ မြေအိုးထဲကို ရေခဲအနည်းငယ်ရောထည့်ပြီး အပေါ်က Grapefruit Soda ၄ အောင်စခန့် လောင်းထည့်လိုက်ပါ။ အိုးရဲ့ နှုတ်ခမ်းဝမှာ သံပုယိုသီးနဲ့ သံပုရာသီးခြမ်းလေးတွေ အလှဆင်လိုက်မယ်ဆိုရင် လန်းဆန်းချိုပြင်း အသီးရနံ့သင်းတဲ့ မက္ကဆီကန်စတိုင် Cantaritos ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးလို့ ရပါပြီ။

Featured Photo : Sweet Life