ပြီးခဲ့တဲ့နှစ်နွေရာသီမှာ ပဲရစ် စိန့်ဂျာမိန်းကို ထွက်ခွာသွားခဲ့တဲ့ အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီ ကို အသင်းဟောင်း ဘာစီလိုနာ က ပြန်လည်ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် ဒီအခြေအနေနဲ့ ပတ်သတ်ပြီး ဘာစီလိုနာအသင်း ဥက္ကဋ္ဌ လာပေါ်တာက မှတ်ချက်ပေး သွားခဲ့ပါတယ်။

Photo : Vanguard News

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေကြောင့် မက်ဆီ ကို ပီအက်စ်ဂျီအသင်းထံ ထွက်ခွာခွင့်ပြုခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာ ၎င်း အာဂျင်တီနားကြယ်ပွင့်ကို ကမ့်နူးသို့ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဘာစီလိုနာအသင်း ဥက္ကဋ္ဌ လာပေါ်တာ ကတော့ သူ့အနေနဲ့ မက်ဆီကို တိုက်ရိုက်ဆက်သွယ်ထားခြင်းမရှိကြောင်းနဲ့ မက်ဆီက ဘာစီလိုနာအသင်းအတွက် ရွေးချယ်စရာတစ်ခုအဖြစ် မမြင်မိကြောင်း ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယခုလအစောပိုင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် မက်ဆီ အနေနဲ့ နူးကမ်းသို့ ပြန်လာဖို့ ချိတ်ဆက်ခံခဲ့ရတယ်လို့ စပိန်သတင်းဌာနတွေမှာ ရေးသားဖော်ပြခဲ့ကြပေမယ့် ဒီသတင်းတွေနဲ့ ပတ်သတ်ပြီး လာပေါ်တာ အခုလိုပြောကြားခဲ့ပါတယ်။

Photo : Football Espana

” မက်ဆီ ဆီကနေ ဘာစီလိုနာအသင်းကို ပြန်လာနိုင်ခြေရှိတဲ့ စာတိုတစ်စောင်တောင် ကျွန်တော်လက်ခံရရှိထားခြင်း မရှိပါဘူး။ အသင်းကနေ သူထွက်ခွာခဲ့တဲ့နောက်ပိုင်း ကျွန်တော်နဲ့ မက်ဆီကြားမှာ အရင်လို အဆင်ပြေချောမွေ့တဲ့ ဆက်ဆံရေး မရှိတော့ဘူး ၊ ဘာစီလိုနာကနေ သူထွက်ခွာခဲ့တာဟာ အားကစားဆိုင်ရာကိစ္စတွေထက် မိသားစုနဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာကိစ္စတွေမှာ ကျွန်တော့်ကို ပိုပြီး စိတ်ထိခိုက် ခံစားရစေခဲ့တယ် ”

” ကျွန်တော်တို့ မက်ဆီကို ပြန်ခေါ်ဖို့ မစဉ်းစားထားပါဘူး ၊ ကျွန်တော်တို့ လက်ရှိမှာ အတွေ့အကြုံရှိတဲ့ လူငယ်ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်နေပါတယ် ၊ ဒါပေမယ့် လီယိုကတော့ လီယိုပါပဲ ၊ သူက အမြဲတမ်း ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ”

” ကျွန်တော့်အတွက်ကတော့ သူ့ကိုအသင်းထံ ပြန်ခေါ်ဖို့ဆိုတာ သေချာပေါက် မလွယ်ကူပါဘူး ၊ ဒါပေမယ့် ပြန်ခေါ်နိုင်ခဲ့ရင်တောင် အသင်းရဲ့ ဘဏ္ဍာရေးကိစ္စကိုပဲ ကျွန်တော်တွေးနေမှာပါ ၊ ဒါကို စွန့်စားပြီး ကျွန်တော်လုပ်မှာ မဟုတ်ပါဘူး ၊ ကျွန်တော်တို့ လုပ်သင့်တာကို လုပ်ခဲ့တယ်လို့ပဲ ထင်ပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo : PSG Talk

ဘာစီလိုနာ ကြယ်ပွင့်ဟောင်းဟာ မကြာသေးခင်က ပြင်သစ်မြေမှာ ဘာစီလိုနာအသင်းမှာတုန်းကလို ကမ္ဘာတဝှမ်းက ပရိသတ်တွေရဲ့ လေးစားမှုမျိုး မရရှိတော့ဘဲ ပီအက်စ်ဂျီပရိတ်သတ်တွေရဲ့ လှောင်ပြောင်ကဲ့ရဲ့ခြင်းတွေနဲ့သာ ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းဟောင်းကို လွမ်းဆွတ်နေကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်း အနေနဲ့လည်း မက်ဆီ ထွက်ခွာပြီးနောက်ပိုင်းမှာ ဆုံးရှုံးမှုနဲ့ အခက်အခဲအချို့ ရင်ဆိုင်ခဲ့ရပေမယ့် မကြာသေးမီ အချိန်ကစပြီး နည်းပြဇာဗီ လက်အောက်မှာ ဘဏ္ဍာရေးဆိုင်ရာ ပိုမိုတည်ငြိမ်လာမှုနဲ့အတူ အသင်းရဲ့ အနာဂတ်ကို ပြောင်းလဲဖို့ ခြေလှမ်းသစ်တစ်ခု စတင်နေပြီ ဖြစ်ပါတယ်။

Featured Photo : Bistec Global