၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲခဲ့ပြီးနောက် ပြိုင်ပွဲကာလတစ်လျှောက် လီယွန်နယ် မက်ဆီ တည်းခိုခဲ့တဲ့ ဟိုတယ်အခန်း ကို ပြတိုက်ငယ်တစ်ခုအဖြစ် ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Photo : The Japan Times

မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ ၃၆ နှစ်ကြာ ကမ္ဘာ့ဖလားအောင်ပွဲမှာ အဓိကအရေးပါတဲ့ ကစားသမားအဖြစ် ပါဝင်ခဲ့သလို ကမ္ဘာ့ဖလားဖိုင်နယ်မှာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် သွင်းဂိုး ၂ ဂိုး စွမ်းဆောင်ပေးခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုရှင်အဖြစ်လည်း ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ ကစားသမားဘဝတစ်လျောက်က အလိုအပ်ဆုံး ကွက်လပ်တစ်ခုလို့ပြောရမယ့် ကမ္ဘာဖလားဆုဖလားကြီးကို ပထမဆုံးအကြိမ်အဖြစ် ကိုင်မြှောက်ခွင့် ရရှိသွားခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုးသွင်းယူပေးခဲ့ပြီး ငွေဖိနပ်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo : Twitter

ဒီနေ့အချိန်အထိ မက်ဆီရဲ့အောင်မြင်မှုတွေကတော့ ရပ်တန့်သွားခဲ့ခြင်းမရှိသေးပဲ လက်ရှိမှာလည်း ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း မက်ဆီနေထိုင်ခဲ့တဲ့ ကာတာတက္ကသိုလ်က ဟိုတယ်အခန်းကို ပြတိုက်ငယ်တစ်ခုအဖြစ် ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ သတင်းထောက် ဘင်အာရက်ဒ်က တွစ်တာမှာ ရေးသားလာခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားလို့ ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရတဲ့ အာဂျင်တီးနားလက်ရွေးစင် လီယွန်နယ်မက်ဆီတစ်ယောက် ကမ္ဘာ့ပြိုင်ပွဲကာလအတွင်းမှာ သူ့ရဲ့အချိန်တွေကို ဘယ်လိုအကောင်းဆုံး ဖြတ်သန်းခဲ့လဲဆိုတာကို ဘောလုံးပရိသတ်တွေ အနီးကပ် မြင်တွေ့ခွင့်ရတော့မှာပဲ ဖြစ်ပါတယ်။

Photo : Marca

နည်းပြ လီယွန်နယ်စကာလိုနီရဲ့ လက်ရွေးစင်အသင်းဟာ ဆော်ဒီအာရေဗျအသင်းကို ရှုံးနိမ့်မှုနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင်ခဲ့ပေမယ့် အုပ်စုအဆင့် ၊ ရှုံးထွက်အဆင့်တွေကို အဆင့်ဆင့်ကျော်ဖြတ်ပြီး နောက်ဆုံး ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့ ပြင်သစ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်ဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပြီး အာဂျင်တီးနားအသင်းက ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိကာ တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : Daily Mail