ကွီးတို့အနေနဲ့ မကြာခဏ ခေါင်းကိုက်တတ်ပါသလား။ ခေါင်းကိုက်ခြင်း က အကြောင်းအမျိုးမျိုးကြောင့် လူတိုင်းလိုလို ခံစားရတတ်တဲ့ ဝေဒနာတစ်ခုပါ။ လူ ၂၀ တွင် ၁ ယောက်နီးပါးလောက်က နေ့တိုင်း သို့မဟုတ် နေ့တိုင်းနီးပါး ခေါင်းကိုက်တတ်တယ်လို့ ဆိုပါတယ်။ မကြာခဏ ခေါင်းကိုက် ဝေဒနာခံစားရပါက ဒီဆောင်းပါးလေးမှာ ဆက်လက်ဖော်ပြပေးမဲ့ အောက်ပါအကြောင်းအရင်းမျာထဲက တစ်ခုဖြစ်နိုင်ပါတယ်။

(၁) ရေဓာတ်ခန်းခြောက်ခြင်း

မကြာခဏ ခေါင်းကိုက်

Photo : State Urgent Care

ကျွန်ုပ်တို့ ခန္ဓာကိုယ်ရဲ့ ၈၀ ရာခိုင်နှုန်းက ရေဓာတ်ဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေပမာကို သောက်သုံးပေးဖို့ လိုပါတယ်။ ထိုသို့မဟုတ်ဘဲ တစ်နေ့တာလုံး ရေလုံလောက်စွာ မသောက်တာ ဒါမှမဟုတ် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို မဖြည့်ဘဲ လေ့ကျင့်ခန်းလုပ်တာမျိုးဆိုရင် ရေဓာတ်ခန်းခြောက်တဲ့ ခေါင်းကိုက်ခြင်းကို ခံစားရပါလိမ့်မယ်။ ကွီးတို့အနေနဲ့ ဆီးက ပုံမှန်ထက် ပိုဝါနေတာကို သတိပြုမိရင် ခံတွင်းခြောက်ပြီး ရေငတ်တာ ခံစားရတာ ၊ ခေါင်းကိုက်တာမျိုးဖြစ်လာရင် အလျင်အမြန် သက်သာဖို့အတွက် ရေများများသောက်ပြီး ဖရဲသီး၊ တရုတ်နံနံနဲ့ ခရမ်းချဉ်သီးတို့လို ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပါ။ အမျိုးသမီးများက တစ်နေ့လျှင် ရေ ၂.၇ လီတာခန့် သောက်သုံးသင့်ပြီး အမျိုးသားများကတော့ တစ်နေ့လျှင် ရေ ၃.၇ လီတာ သောက်သုံးသင့်ပါတယ်။

(၂) ကဖိန်းဓာတ် အလွန်အကျွံ သောက်သုံးခြင်း

မကြာခဏ ခေါင်းကိုက်

Photo : Insider

တစ်နေ့ကို ‌ကော်ဖီကဲ့သို့ ကဖိန်းဓာတ် ပါဝင်တဲ့ သောက်စရာတွေ အများကြီး မသောက်သုံးသင့်ပါဘူး။ ကဖိန်းဓာတ် အလွန်အကျွံသောက်တဲ့အခါ သွေးကြောတွေကို ကျဉ်းသွားစေပါတယ်။ ကဖိန်းဓာတ်ကို မကြာခဏသောက်ရင် ကွီးတို့ရဲ့ ခန္ဓာကိုယ်က ဒီဖြစ်စဉ်ကို အသားကျလာပါလိမ့်မယ်။ အကယ်၍ ကွီးတို့က ကဖိန်းဓာတ်ကို တစ်ရက်လောက် မသောက်သုံးပဲ နေလိုက်မိလျှင် သွေးကြောများ မကျဉ်းသွားတော့ဘဲ ကွီးတို့ခေါင်းကို နာကျင်စေပါလိမ့်မယ်။ တစ်နည်းအားဖြင့် ခေါင်းကိုက်စေပါလိမ့်မယ်။ ဒါကြောင့် တစ်နေ့တာမှာ ကဖိန်းဓာတ်များများ သောက်သုံးခြင်းကို ရှောင်ပါ။

(၃) နာတာရှည် ရောဂါများ

headache

Photo : Medical News Today

မကြာခဏ ခေါင်းကိုက် ရခြင်းရဲ့ အကြောင်းအရင်းထဲမှာ ဆီးချိုကဲ့သို့သော နာတာရှည်ရောဂါများ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်ခြင်းအပြင် ပင်ပန်းနွမ်းနယ်မှု၊ အရေပြားအနာများနှင့် အဆစ်အမြစ် နာကျင်ခြင်းကဲ့သို့သော အခြားလက္ခဏာများ ထပ်မံခံစားရဖွယ်နိုင်ပါတယ်။ ကွီးတို့ အနေနဲ့ မကြာခဏဆိုသလို ခေါင်းကိုက်တာမျိုး ခံစားရပြီဆိုလျှင် နာတာရှည် ရောဂါတစ်ခုခု ဖြစ်နိုင်တာကြောင့် မပေါ့ဆပါနဲ့။ ကျန်းမာရေး စစ်ဆေးချက်များ ပြုလုပ်ပြီး ဆရာဝန်နှင့် သေချာစွာ ကုသမှုခံယူပါ။

(၄) စိတ်ဖိစီးမှု

stress

Photo : Men’s Health

နေ့စဉ်နေ့တိုင်း စိတ်ဖိစီးမှုများတဲ့ ဘဝကို ဖြတ်သန်းနေရတယ်ဆိုရင် ဒီအချက်ကလည်း ခေါင်းကိုက်တာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့ အခါမှာ ကျွန်တော်တို့ ခန္ဓာကိုယ်က လည်ပင်းနှင့် မေးရိုးကြွက်သားများကို တင်းမာလာပြီး ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းကို သက်သာစေဖို့အတွက် စိတ်ဖိစီးမှုကို လျှော့ချခြင်းကပဲ အဖြေဖြစ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် အခြားသော စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာ ထိခိုက်နိုင်တာကြောင့် အတတ်နိုင်ဆုံး စိတ်ဖိစီးမှုကို လျှော့ချသင့်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာက‌တော့ မကြာခဏ ခေါင်းကိုက် ရခြင်းရဲ့ အကြောင်းအရင်းများပဲ ဖြစ်ပါတယ်။ ဒီအချက်များကို သိရှိလိုက်နာခြင်းဖြင့် ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ထိုသို့မဟုတ်ဘဲ ခေါင်းကိုက်‌‌ဝေဒနာက သက်သာခြင်းမရှိပါက အခြားသော ကျန်းမာရေးပြဿနာများကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အချိန်မဆွဲဘဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါတယ်။

Source : Collins

Featured Photo : City Osteopathy