ကြင်သူဇနီးလေးနဲ့ မနက်စာ အတူတူ စားလေ့ရှိတဲ့ အမျိုးသားတွေဟာ အလုပ်မှာ စွမ်းဆောင်ရည် ပိုကောင်းပြီး အောင်မြင်ပျော်ရွှင်တဲ့ Life တစ်ခုကို ပိုင်ဆိုင်နိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ တကယ်ပဲ အချစ်နဲ့စားတဲ့ မနက်စာဟာ နတ်သုဒ္ဓါ ထက်ပိုပြီး အရသာရှိနိုင်တယ်လို့ ကွီးတို့ ထင်ပါသလား။ တစ်ယောက်တည်း ကြယ်ငါးပွင့်ဟိုတယ်ကြီးမှာ မနက်စာ စားတာထက် အိမ်မှာပဲ အိမ်သူဇနီးလေးနဲ့ အတူစားရတဲ့ ပဲပြုတ်ဆီဆမ်း ထမင်းကြမ်းလေးက ပိုအရသာရှိတယ်ဆိုတာ အခုပြောပြမယ့် အချက်လေးတွေကို ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။

(၁) အဓိပ္ပါယ်ရှိတဲ့ မနက်ခင်းလေးကို ပိုင်ဆိုင်နိုင်တယ်

couple eating breakfast

Photo : Eat This, Not That

သေချာပါတယ် မနက်ခင်းလေးမှာ ကိုယ်ချစ်ရတဲ့ ကြင်သူဇနီးလေးနဲ့ အိပ်ရာအတူတူထပြီး မနက်စာ အတွက် တက်ညီလက်ညီ ပြင်ဆင်ရတာဟာ သိပ်ကိုလှပတဲ့ ပျော်ရွှင်စရာ အချိန်လေးတစ်ခု ဖြစ်စေမှာပါ။ ချစ်ရသူလေးနဲ့ မနက်ခင်းအချိန်လေးကို အတူတူ ဝေမျှခံစားခြင်းဖြင့် ကွီးတို့ရဲ့တစ်နေ့တာ အစပြုမှု မနက်ခင်းလေးကို ပိုပြီး အဓိပ္ပါယ်ရှိသွားစေမှာ အသေအချာပါပဲ။

(၂) တစ်နေ့တာလုံးအတွက် ခွန်အားတွေရစေတယ်

couple eating breakfast

Photo : Freepik

အလုပ်ရဲ့ တာဝန်ဝတ္တရားတွေ ၊ ပင်ပန်းစရာတွေနဲ့ ပြည့်နှက်နေတဲ့ တစ်နေ့တာကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ဖို့အတွက် မနက်စာဆိုတာ လောင်စာဆီပါပဲ။ အချစ်နဲ့အတူတူ စားရတဲ့ မနက်စာဖြစ်ရင်တော့ ကွီးတို့ကို ပိုပြီး ခွန်အားတွေ ပြည့်ဝနေစေမှာပါ။ ကြင်သူဇနီးလေး ကိုယ်တိုင် ပြင်ဆင်ပေးထားတဲ့ မနက်စာလေးမှာ ချစ်ခြင်းမေတ္တာဆိုတဲ့ ဗီတာမင်ဓာတ်တွေ အများကြီး ပါဝင်နေမှာ ဖြစ်တဲ့အတွက် ကွီးတို့ ဖြတ်သန်းရမယ့် တစ်နေ့တာကို အားအင်အပြည့်နဲ့ ကျော်ဖြတ်သွားနိုင်မှာ ဖြစ်ပါတယ်။

(၃) နှစ်ဦးသားအတွက် သီးသန့်အချိန်လေး ရစေတယ်

couple eating breakfast

Photo : Restaurant Clicks

အိမ်ထောင်သည် ၊ ချစ်သူစုံတွဲတွေ အနေနဲ့ နှစ်ဦးသားအတွက် Quality Time လေးရှိဖို့ အရေးကြီးပါတယ်။ နေ့တိုင်းမှာ ကိုယ့်လက်တွဲဖော်နဲ့အတူ နေ့လည်စာ အတူတူစားဖို့ ၊ ညနေခင်း ဆိုင်ကောင်းကောင်းမှာ ထွက်စားဖို့ မလွယ်ပါဘူး။ ဒီတော့ နှစ်ဦးသားအတွက် အချိန်သပ်သပ်ခွဲပေးစရာမလိုပဲ ကြည်နူးစရာ သီးသန့်အချိန်လေးကို ဖန်တီးနိုင်ဖို့က မနက်ခင်းမှာ မနက်စာကို အတူတူ လက်ဆုံစားဖို့ပါပဲ။ အကယ်၍ အားလပ်ရက် ၊ ရုံးပိတ်ရက်တွေမှာတော့ အလျင်းသင့်ရင် သင့်သလို အပြင်ထွက်စားတာ ၊ ဆိုင်ကောင်းကောင်းမှာ သွားစားတာမျိုး လုပ်သင့်ပါတယ်။

(၄) တာဝန်ခွဲယူနိုင်တယ်

Photo : VistaCreate

တကယ်လို့ ကွီးတို့ရော ၊ ကွီးတို့ရဲ့ လက်တွဲဖော် ကြင်သူသက်ထားကပါ အလုပ်များသူတွေဆိုရင် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ထုတ်ဖော်ပြသဖို့ မနက်ခင်းမှာ မနက်စာအတွက် ရက်အလိုက် တာဝန်ခွဲယူတာမျိုး လုပ်နိုင်ပါတယ်။ တစ်ပတ်မှာ တစ်ယောက်ကို ၃ ရက်စီ မနက်စာအတွက် ပြင်ဆင်ပေးတာမျိုး ရက်သတ်မှတ်လိုက်ပါ။ ဒါဆို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီရာလည်းရောက်ပြီး ကြည်နူးစရာကောင်းတဲ့ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေ ပြည့်နှက်နေတဲ့ မနက်ခင်း အချိန်လေးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

ကွီးတို့ရော ကိုယ့်ချစ်သူ ကြင်သူသက်ထား ချစ်ရတဲ့ ဇနီးလေးနဲ့ မနက်ခင်းမှာ မနက်စာအတူတူ စားဖြစ်ပါရဲ့လား???

Featured Photo : VistaCreate