ကိုယ့်ဘဝအတွက် ဘဝလက်တွဲဖော် ရွေးချယ်တဲ့အခါ ဘယ်လိုလူမျိုးကို ရွေးချယ်ချင်ပါသလဲ။ ကိုယ့်ထက် အသက်ကြီးတဲ့ မမ လား၊ ဒါမှမဟုတ် ကိုယ့်ထက် အသက်ငယ်တဲ့ ညီမလေး ကို ရွေးချယ်ချင်တာလား။
ငယ်တဲ့လူနဲ့ပဲ တွဲတွဲ၊ ကြီးတဲ့လူနဲ့ပဲ တွဲတွဲ၊ သူ့ဟာနဲ့သူ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိပါတယ်။
မမတွေကို လက်တွဲဖော်အဖြစ် ရွေးချယ်မယ်ဆိုရင်
မမတွေက အနွံတာခံပြီး အလိုလိုက်မှာ အသေအချာပါပဲ။ အတွေးအခေါ် ပိုမိုရင့်ကျက်ပြီး ကွီးတို့ကို ကလေးလေး တစ်ယောက်လို ဂရုစိုက်မှာ အသေအချာပါပဲ။ အနွံတာ ခံချင်တယ်၊ အလိုလိုက်တာ ခံချင်တယ်ဆိုတဲ့ ကွီးတို့ကတော့ မမတွေကို ရွေးချယ်သင့်ပါတယ်။ ကွီးတို့ကို စိတ်ကောက်တယ်ဆိုရင်တောင်မှ ကလေးဆန်ဆန် စိတ်ကောက်တာမျိုးမဟုတ်ဘဲ လူကြီးဆန်ဆန် စိတ်ကောက်နေမှာပဲ ဖြစ်ပါတယ်။
ညီမလေးတွေကို လက်တွဲဖော်အဖြစ် ရွေးချယ်မယ်ဆိုရင်
ညီမလေးတွေကို တွဲမယ်ဆိုရင်တော့ တီတီတာတာလေးနဲ့ ချွဲ့နွဲ့တာမျိုးကို ခံရပါလိမ့်မယ်။ ညီမလေးတွေကလည်း ဒီလိုမျိုး ဆိုးနွဲ့ချင်လို့ကို သူတို့ထက် အသက်ကြီးတဲ့ ဘီးကျဲတွေကို လက်တွဲဖော်အဖြစ် ရွေးချယ်ကြတာ ဖြစ်ပါတယ်။ ညီမလေးတွေဆီကနေ ရင့်ကျက်မှုကို မမျှော်လင့်ပါနဲ့။ ရင့်ကျက်တည်ငြိမ်မှုဆိုတာ သူတို့ရဲ့ အဘိဓာန်ထဲမှာ မရှိပါဘူး။ သူတို့ရဲ့ အဘိဓာန်ထဲမှာ ကလေးဆိုးလေးတစ်ယောက်လို ဆိုးနွဲ့ပြီး ကွီးတို့ကို ဗိုလ်ကျပြီး ချွဲ့နွဲ့မှာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ကွီးတို့က တကယ်ချစ်လာပြီဆိုရင်တော့ မမ သော၊ ညီမလေး သော ရွေးချယ်နေတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ လက်တွဲဖော်က မမပဲဖြစ်နေပါစေ၊ ညီမလေးပဲဖြစ်နေပါစေ၊ အခုဖော်ပြမယ့် အချက် (၃) ချက်ကိုသာ သတိရလိုက်ပါ။ ကွီးတို့အချစ်ရေးက ပျော်ရွှင်ကြည်နူးမှုအတိပြီးနေပါလိမ့်မယ်။
အသက်သည် တကယ်တော့ နံပါတ်သပ်သပ်သာဖြစ်ပါတယ်
တကယ်ချစ်ပြီဆိုရင်တော့ မမဆိုလည်း ချစ်လိုက်တာပဲ၊ ညီမလေးဆိုလည်း ချစ်လိုက်တာပဲ။ ကိုယ့်အပေါ် အချစ်စစ် အချစ်မှန်နဲ့ တကယ်ချစ်ပြီဆိုရင် ဘာကိုမှ ချေးများနေမှာ မဟုတ်တော့ပါဘူး။ အသက် ကန့်သတ်ချက်တွေဆိုတာသည်လည်း အလကားဖြစ်သွားပါပြီ။
ပတ်ဝန်းကျင်အမြင်တွေကို ဂရုမစိုက်ပါနဲ့
“မင်းက ဘာလို့ ကိုယ့်ထက်ကြီးတဲ့ အိုကြီးအိုမကို ယူချင်ရတာလဲ။” “ကိုယ့်ထက် အသက် အများကြီး ငယ်တဲ့သူကို ယူတော့ ဘယ်လိုလိုက်ထိန်းနိုင်မတုန်း” စသည်ဖြင့် ပတ်ဝန်းကျင်က မေးငေါ့ ပြောနေကြမှာ အမှန်ပါပဲ။ ပတ်ဝန်းကျင်ဆိုတာကတော့ ဒီလိုပါပဲ။ သူတို့ကိစ္စမဟုတ်လည်း လိုက်စပ်စုပြီး မေးငေါ့ ပြောဆို ဝေဖန်နေကြမှာပါပဲ။ ကွီးတို့အနေနဲ့ ထိုဝေဖန်မှုတွေကို ဂရုစိုက်နေလို့ကတော့ ဒီတစ်သက် မိန်းမ ရတော့မှာမဟုတ်ပါဘူး။ တကယ်ချစ်တယ်ဆိုရင် ပတ်ဝန်းကျင်အမြင်တွေကို ဘေးခေါက်ထားလိုက်ပါ။
အတွေးနယ်လွန်မနေပါနဲ့
ပတ်ဝန်းကျင်အမြင်တွေကို အာရုံစိုက်နေမယ်ဆိုရင် ဘယ်လိုနောက်ဆက်တွဲတွေ ခံစားရမလဲဆိုတော့ အတွေးနယ်လွန်ခြင်းဆိုတဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို ခံစားရမှာပဲဖြစ်ပါတယ်။ ဒီတစ်ယောက်က တကယ်ပဲ ငါ့အတွက် စစ်မှန်တဲ့ လက်တွဲဖော်ဖြစ်ပါ့မလား။ ငါ့နောက်ကွယ်မှာ မဟုတ်တာတွေ လုပ်နေရင်ရော ဘယ်လိုလုပ်မလဲ စသည်ဖြင့် အတွေးနယ်လွန်နေမှာပါ။
အဲ့လိုမျိုး ကိုယ့်ရဲ့ လက်တွဲဖော်ကို ကိုယ့်ရဲ့ အတွေးနယ်လွန်မှုတွေကြာင့် တစ်ယောက်တည်း သံသယဝင်နေမယ်ဆိုရင်တော့ စောစောစီးစီး လက်တွဲဖြုတ်လိုက်တာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ သံသယတွေကြောင့် နှစ်ယောက်စလုံး စိတ်ဒုက္ခရောက် နေရပါလိမ့်မယ်။
ကွီးတို့ရော Team မမ လား၊ Team ညီမလေး လား။ ဘယ် Team က လက်တွဲဖော်အဖြစ် ရွေးချယ်လို့ အသင့်တော်ဆုံးပါလဲ။
Source: Subconsciousservan
Featured Image: Freepik